ယူကရိန်းတွင် ငြိမ်းချမ်းရေး အခွင့်အလမ်းရှိဟု ပြင်သစ်သမ္မတ ပြော

ယူကရိန်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ရုရှားက သတိပေးထားပေမယ့် ယူကရိန်းမှာ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းရှိတယ်လို့ ယုံကြည်ထားတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အောက်တိုဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
“ငြိမ်းချမ်းရေးက ဖြစ်နိုင်တယ်” လို့ ရောမမြို့မှာ ကျင်းပတဲ့ ညီလာခံမှာ မက်ခရွန်က ပြောခဲ့တာပါ။
ကမ္ဘာ့ငြိမ်းချမ်းရေးကို မြှင့်တင်ရေး နည်းလမ်းတွေ ရှာဖို့ ရည်ရွယ်ပြီး ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားတွေကို ဘယ်အချိန်မှာ ဆုံးဖြတ်ရမလဲ ဆိုတာကို ယူကရိန်းနဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေက ဆုံးဖြတ်ရမယ်လို့လည်း မက်ခရွန်က ပြောပါတယ်။
အီတလီနိုင်ငံဆီ တရားဝင်ခရီးစဉ်ရဲ့ ပထမဆုံးနေ့မှာ ပြင်သစ်သမ္မတက လက်နက်ကိုင်ပဋိပက္ခတွေ ဒါမှမဟုတ် ပြည်တွင်းစစ်တွေမှာ ဖျန်ဖြေရေး ကျွမ်းကျင်မှုတွေကြောင့် ကျော်ကြားတဲ့ ကက်သလစ် အသိုင်းအဝိုင်းဖြစ်တဲ့ စန်းတစ်ဂျိဒီယို အသိုက်အဝန်းရဲ့ အစည်းအဝေး တစ်စိတ်တစ်ပိုင်းအဖြစ် ပြောဆိုခဲ့တာပါ။
အခုနှစ်အစည်းအဝေးတွေကို "ငြိမ်းချမ်းရေးအတွက် ငိုကြွေးခြင်း"လို့ နာမည်ပေးထားပါတယ်။ ဖေဖော်ဝါရီလထဲမှာ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော် ဝင်ရောက်ပြီးတဲ့နောက် ရုရှားနဲ့ ထိတွေ့ဖို့ အနောက်နိုင်ငံတွေရဲ့ သံတမန်လမ်းကြောင်းတွေကို ဖွင့်ထားဖို့ အရေးကြီးတယ်လို့ ပြင်သစ်က ထပ်ခါတလဲလဲ အလေးပေး ပြောဆိုခဲ့ပါတယ်။