ယူကရိန်းက ပြင်းအားနိမ့် နျူကလီးယားလက်နက်သုံးရန် ကြံစည်နေဟု ရုရှားပြော

ယူကရိန်းဟာ ‘ညစ်ပတ်တဲ့ဗုံး’ ဒါမှမဟုတ် ပြင်းအားနိမ့်တဲ့ နျူကလီးယားလက်နက်ကို ဖောက်ခွဲဖို့ ကြံစည်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားရဲ့ နျူကလီးယား၊ ဇီဝဗေဒနဲ့ ဓာတုကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်ချုပ်ကြီး အစ်ဂေါ ခိရီလ်လာ့ဗ်က ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီလ်ရွှိုင်ဂူရဲ့ သတိပေးစကားကို ပဲ့တင်ထပ် ပြောဆိုခဲ့တာပါ။
ညစ်ပတ်တဲ့ဗုံးဆိုတာ သမားရိုးကျ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ရေဒီယိုသတ္တိကြွနေတဲ့ နျူကလီးယား စွန့်ပစ်ပစ္စည်းတွေကို ပေါင်းစပ် ထုတ်လုပ်ထားတဲ့ ဗုံးပါ။
ရွှိုင်ဂူက “ညစ်ပတ်တဲ့ဗုံးတလုံးကို ဖြန့်ကြက်ဖို့ ယူကရိန်းရဲ့ ပူးပေါင်းကြံစည်မှု”ကို သီတင်းပတ်ကုန်ရက်က သတိပေးခဲ့ပါတယ်။
ဒီလုပ်ရပ်ရဲ့ ရည်ရွယ်ချက်က ယူကရိန်းစစ်ပွဲမှာ အစုလိုက်အပြုံလိုက် ဖျက်ဆီးတဲ့ လက်နက်တွေ ရုရှားက သုံးနေတယ်လို့ စွပ်စွဲဖို့ပဲလို့ ဗိုလ်ချုပ်ကြီး ခိရီလ်လာ့ဗ်က မြို့တော်မော်စကိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အောက်တိုဘာ ၂၄ ရက်က ပြောပါတယ်။
ယူကရိန်းအစိုးရက ပြည်တွင်းနေ လူထုကို ဒုက္ခသည်အဖြစ် ဥရောပဆီ တင်ပို့နှုန်းတိုးဖို့နဲ့ ရုရှားကို နျူကလီးယား အကြမ်းဖက်သမားအဖြစ် ပုံဖော်ဖို့ လိုလားနေတယ်လို့လည်း သူက ပြောပါတယ်။
ယူကရိန်းမှာ ‘ညစ်ပတ်တဲ့ဗုံး’ ကိုထုတ်လုပ်ဖို့ စက်မှု၊ သိပ္ပံပညာနဲ့ နျူကလီးယားပစ္စည်းတွေ အလုံအလောက် ရှိနေတယ်လို့လည်း ဗိုလ်ချုပ်ကြီး ခိရီလ်လာ့ဗ်က ပြောပါတယ်။
ရုရှားအစိုးရဟာ ကြီးကြီးမားမား တိုက်ပွဲဖြစ်နိုင်ခြေရှိတာကြောင့် တောင်ပိုင်းမြို့က အရပ်သားတွေကို ကယ်ထုတ်ခဲ့ပါတယ်။
ယူကရိန်းမှာ စစ်ဆင်ရေးတိုးမြှင့်ဖို့ အကြောင်းပြချက်အနေနဲ့ နျူလက်နက်ပါတဲ့ ဗုံးတလုံးကို ခြိမ်းခြောက်မှုအဖြစ် သုံးဖို့ ရုရှားက ကြံစည်နေတယ်လို့ အနောက်နိုင်ငံတွေက တနင်္လာနေ့မှာ စွပ်စွဲခဲ့ကြပါတယ်။