close

မင်းပြားတွင် အမျိုးသား ၁ ဦးကို အေအေနှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက ဒေသခံပြည်သူတယောက်ကို စစ်ကောင်စီတပ်က ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲပေါက်ရွာနဲ့ ကျွဲရှည်ပြင်ရွာကြား အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီခွဲလောက်မှာ ခမရ ၅၄၁ တပ်ရင်းက စစ်ကောင်စီတပ်တွေက ဒေသခံပြည်သူ ၂ ယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီးလိုက်လံဖမ်းဆီးရာမှာ တယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ခမောင်းတောရွာက အသက် ၂၉ နှစ်အရွယ် ကိုမောင်ဝေသန်းကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ခမောင်းတောရွာ ဒေသခံတယောက်က “ကိုမောင်ဝေသန်းဟာ ရွာမှာ ရိုးရိုးသားသားနဲ့ ကြက်ခြံလုပ်ငန်းလုပ်ကိုင်တာပါ။ စစ်(...)တွေက မတရားစွပ်စွဲပြီး ဖမ်းဆီးသွားတာဗျ။ သူ့ကို ခမရ ၅၄၁ တပ်ရင်း စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွတ်သေးဘူး” လို့  ပြောပါတယ်။

မင်းပြားမြို့ ရာမောင်တံတားအနီးမှာလည်း စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က အမျိုးသား ၂ ယောက်ကို ပစ်ခတ်ဖမ်းဆီးသွားပြီး ဒီနေ့အထိ အဆက်အသွယ်မရလို့ စိုးရိမ်နေကြရတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up