close

စစ်တွေမြို့နယ်၌ ထင်းသယ်သည့် အမျိုးသမီး ၁ ဦး အသတ်ခံရပြီး ချောင်းထဲ ပစ်ချခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက အမျိုးသမီးတယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့  ဆွေမျိုးနီးစပ်တော်စပ်သူတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့နယ် သင်္ဂနက်ရွာမှာ ထင်းသွားတင်တဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်မအေးဝင်းကို ဒီနေ့မနက် ၈နာရီခွဲလောက်မှာ ပျားလည်ချောင်းရွာက အမျိုးသား ၄ ယောက်က သတ်ဖြတ်သွားတာလို့  သေဆုံးသူရဲ့ တူမတော်စပ်သူက ပြောပါတယ်။

“GTC နောက်ကျောဘက်မှာ ထင်းစက်လှေတစီးရောက်လို့ ထင်းသွားတင်တဲ့ အချိန်မှာ ပျားလည်ချောင်းရွာက အမျိုးသား ၄  ယောက်ရောက်လာပြီး ရမ်းကားလို့ ထင်းစက်လှေပေါ်မှာ ထင်းတင်တဲ့ အလုပ်သမား ၁၀ ယောက်လောက်လည်း ကြောက်ပြီး ထွက်ပြေးသွားတဲ့ အချိန်မှာ ကျမအဒေါ်ကို သတ်ပြီး ချောင်းထဲမှာ ပစ်ချသွားကြတာ။”

ဒေါ်မအေးဝင်းဟာ ပျားလည်ချောင်းရွာနားမှာ အုတ်ဖုတ်တဲ့ လုပ်ငန်းလုပ်ကိုင်တာဖြစ်ပြီး ပျားလည်ချောင်းရွာက ဦးကျော်မင်း၊ ကျော်လင်းထွန်း၊ ဦးသိန်းမောင်နဲ့ ဝင်းနိုင်တို့ ၄ ယောက်က ရိုက်နှက်သတ်ဖြတ်ခဲ့လို့ ဦးခေါင်းနဲ့ မျက်နှာတွေမှာ ဒဏ်ရာတွေရရှိပြီးသေဆုံးခဲ့တာလို့ တူမတော်စပ်သူကပြောပါတယ်။

“ကျမအဒေါ်က သူများတွေနဲ့လည်း တခါမှ ရန်မဖြစ်ဖူးဘူး။ ဘာရန်ငြိုးရန်စမှ မရှိဘဲ ဘာကြောင့် သတ်သွားတယ်ဆိုတာကိုတော့ မသိသေးဘူး။ ခြောက်လှန့်ရိုက်နှက်ရုံလောက်မဟုတ်ဘဲ မသေသေအောင်သတ်ပြီး ချောင်းထဲကို ပစ်ချသွားတာ။”

အဆိုပါ အမျိုးသမီးကို သတ်ဖြတ်ခဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာနဲ့ ဘာကြောင့် သတ်တာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒေါ်မအေးဝင်းရဲ့ အလောင်းကိုတော့ ရွှေရောင်မေတ္တာဖောင်ဒေရှင်းက သယ်ယူခဲ့ပြီး စစ်တွေပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကာ သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up