close

သိမ်ဇရပ်မြို့တွင် ကင်းလှည့်နေသည့် စစ်ကား ၂ စီး အနီးကပ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဆင်ဖြူကျောင်းအနီးမှာ အောက်တိုဘာ ၃၀ ရက် ည ၉ နာရီလောက်က ကင်းလှည့်နေတဲ့ စစ်ကောင်စီကား ၂ စီး အနီးကပ် တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်ပါတဲ့ စစ်ကား ၂ စီးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က အနီးကပ် တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက် စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားတဲ့ ကားတစ်စီးကို ထားရှိပြီး တစီးကမြို့ထဲကို အရှိန်ပြင်း ပြန်လည် မောင်းဝင်လာတယ်လို့  ဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကလည်း လက်နက်ကြီး  ၅ လုံးထက်မနည်းပစ်ခတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်ကလည်း သိမ်ဇရပ်မြို့ စစ်တောင်းစက္ကူစက်အနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကား တစ်စီး တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up