မက္ကဆီကိုတွင် ကျောင်းသား ၄၃ ဦးပျောက်ဆုံးခဲ့မှု ဖမ်းဝရမ်းရုပ်သိမ်းသည့်အပေါ် GIEI ဝေဖန်

မက္ကဆီကိုနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ကျောင်းသား ၄၃ ယောက် ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးမှုအတွင်း စွဲချက်တင်ဖို့ လုံလောက်တဲ့ အထောက်အထားတွေ ရှိနေရဲ့သားနဲ့ ဖမ်းဝရမ်းတွေကို ရုပ်သိမ်းလိုက်တဲ့အပေါ် အမှီအခိုကင်းတဲ့ ကျွမ်းကျင်သူတွေအဖွဲ့ (GIEI) က အောက်တိုဘာ ၃၁ ရက်မှာ ဝေဖန်ခဲ့ပါတယ်။
မက္ကဆီကို စုံစမ်းရေးမှူးတွေဟာ နိုင်ငံရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး လူ့အခွင့်အရေး အရှုပ်တော်ပုံတွေထဲက တခုဖြစ်တဲ့ ဒီအမှုမှာ ထိပ်တန်းအစိုးရရှေ့နေဟောင်း အပါအဝင် ဖမ်းဆီးထိန်းသိမ်းမှုတွေကို ရှေ့တိုးလုပ်ဆောင်နေချိန်မှာပဲ ဖမ်းဆီးမိန့် ၈၃ မှုထဲက စစ်သားတွေအများစု ပါဝင်နေတဲ့ ဖမ်းဆီးမိန့် ၂၁ ခုကို ဘာကြောင့်ရုပ်သိမ်းလိုက်တယ် ဆိုတာကို မသိဘူးလို့ GIEI အဖွဲ့ဝင် ကလောက်ဒီယာ ပါဇီ ပါဇ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ရှေ့နေချုပ်ရုံးက ချက်ချင်း အကြောင်းမပြန်သေးပါဘူး။
သမ္မတ လိုပက်ဇ် အိုဘရာဒေါ ကိုယ်တိုင် ဖွဲ့စည်းခဲ့တဲ့ အမှန်တရားဖော်ထုတ်ရေး ကော်မရှင်ဟာ ‘နိုင်ငံတော်ရာဇဝတ်မှု’ လို့ခေါ်တဲ့ အစီရင်ခံစာကို ဩဂုတ်လမှာ တင်သွင်းခဲ့ပြီး ကျောင်းသားတွေ ပျောက်ဆုံးမှုမှာ ပါဝင်ပတ်သက်နေသူတွေအကြား ပေးပို့ခဲ့တယ်လို့ဆိုတဲ့ WhatsApp အက်ပ်မှ မက်ဆေ့ခ်ျတွေ တပြုံကြီး အပါအဝင် တွေ့ရှိချက်အသစ်တွေကို တင်ပြခဲ့ပါတယ်။
အဲဒီမက်ဆေ့ချ်တွေအရ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တခြားသူတွေကို ဖမ်းဆီးဖို့ ဖမ်းမိန့် ၈၃ ခုကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ အမှန်တရားကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် အခြေမခံထားဘူးလို့ အစိုးရရှေ့နေတွေက မှတ်ချက်ပြုထားကြောင်း GIEI အဖွဲ့က ပြောပါတယ်။
GIEI အဖွဲ့ကတော့ သူတို့ရရှိထားတဲ့ အထောက်အထားတွေနဲ့ ဖမ်းဆီးလို့ရတယ် ဆိုတဲ့ဘက်က ရပ်တည်နေတယ်လို့ ဆိုပါတယ်။
GIEI အဖွဲ့ဝင်တွေဟာ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတွေကို ဆက်လက်တောင်းဆိုသွားမှာဖြစ်ပြီး အစိုးရက ခုထိ လွှဲမပေးသေးဘူးလို့ ပြောပါတယ်။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း အကြောင်းမပြန်သေးပါဘူး။