close

ရန်ကုန်တွင် နယူးဇီလန်သံရုံး ပြန်ဖွင့်မည်၊ စစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်ဟုဆို

နယူးဇီလန်အစိုးရဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဆက်သွယ်ဆက်ဆံမှုတွေ ပြုလုပ်နေသလို စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွင်းမှာလည်း သံရုံးပြန်လည်ဖွင့်လှစ်သွားဖို့ရှိနေတယ်လို့ နယူးဇီလန် အခြေစိုက် Stuff သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းတာ ၂ နှစ်နီးပါးရှိခဲ့ပြီးဖြစ်သလို ကိုဗစ်ကပ်ဘေးကိုလည်း ကျော်လွန်ခဲ့ပြီးတဲ့နောက်မှာ နယူးဇီလန်နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနဟာ အဆင့်မြင့်သံအရာရှိတစ်ဦးကို သံရုံးပြန်လည်ဖွင့်လှစ်ဖို့အတွက် ရန်ကုန်ကို စေလွှတ်ဖို့ရှိနေ ပါတယ်။

ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ အာဆီယံနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စတက်ဖနီလီးဟာ သံအမတ်ရာထူးနဲ့မဟုတ်ပေမဲ့ ရန်ကုန်သံရုံးရဲ့ အကြီးအကဲအဖြစ် တာဝန်ယူမှာဖြစ်ပြီး မြန်မာနိုင်ငံကို သွားဖို့အတွက် စစ်ကောင်စီထံကနေ ဗီဇာခွင့်ပြုချက်စောင့်နေတယ်လို့ သိရပါတယ်။ 

မြန်မာပြည်မှာ သံရုံးပြန်ဖွင့်မှာဖြစ်ပေမဲ့ သူတို့ရဲ့ ဘယ်လုပ်ရပ်ကမှ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာမျိုး မရှိဘူးလို့ နယူးဇီလန်နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

နယူးဇီလန် ဝန်ကြီးဌာနအရာရှိတွေကလည်း မြန်မာအရပ်သားအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေပါတယ်။ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး နာနိုင်ရာမာဟူတာကလည်း ပြီးခဲ့တဲ့လကပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အွန်လိုင်းကတဆင့် ဗီဒီယိုနဲ့  ဆွေးနွေးခဲ့ကြပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူ ဒေါ်တင်မမဦးကလည်း NUG ကို မြန်မာနိုင်ငံရဲ့တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရေးအတွက် နယူးဇီလန်လွှတ်တော်မှာ အသနားခံစာ တင်သွင်းခဲ့ပါတယ်။

မြန်မာပြည်သူတွေကို အကူအညီ အထောက်အပံ့တွေပေးဖို့နဲ့ စောင့်ကြည့်လေ့လာမှုတွေလုပ်ဖို့ မြန်မာနိုင်ငံမှာ နယူးဇီလန်သံရုံးပြန်ဖွင့်ဖို့ အရေးကြီးကြောင်းလည်းသူကပြောပါတယ်။

နယူးဇီလန်နိုင်ငံဟာ  ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ လာရောက်တဲ့ ဒုက္ခသည် ၉၀၀ ကျော် ကိုခိုလှုံခွင့်ပေးထားခဲ့ပါတယ်။ 

နယူးဇီလန်အစိုးရက  မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်တွေအတွက်  စစ်တပ်အာဏာသိမ်းပြီးကတည်းက စုစုပေါင်း ဒေါ်လာ ၂၈ ဒသမ ၂၅ သန်းကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ (ILO) တို့ကနေတဆင့် အကူအညီပေးအပ်ခဲ့ပြီး ၂၀၂၂ မကုန်ခင် နောက်ထပ် ဒေါ်လာ ၂ သန်း ထပ်ပေးဖို့ ရည်ရွယ်ထားတယ်လို့ နယူဇီလန်သတင်းမှာ ဖော်ပြပါတယ်။

Ref-  Stuff

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up