သီရိလင်္ကာတွင် ရာနှင့်ချီသည့် အစိုးရဆန့်ကျင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့တားဆီး

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ ရာနဲ့ချီတဲ့ ပြည်သူတွေဟာ အခွန်အခမြင့်မားမှု၊ ငွေကြေးဖောင်းပွမှုနဲ့ နိုင်ငံတော်က ဦးဆောင်လုပ်တဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ကြောင်း နိုဝင်ဘာ ၂ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ချီတက်ဆန္ဒပြပွဲကို အတိုက်အခံနိုင်ငံရေးပါတီတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်ကြတာဖြစ်ပြီး ဆန္ဒပြသူတွေဟာ သမ္မတအိမ်တော်နဲ့ တခြားဝန်ကြီးဌာနတွေ တည်ရှိရာ မြို့လယ်ခေါင်ကို ချီတက်ခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့က သူတို့ကို တားဆီးပိတ်ဆို့ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ဆယ်စုနှစ် ၇ ခုအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းကနေ ရုန်းထွက်ဖို့ ရုန်းကန်နေရတာပါ။
လက်ရှိသမ္မတ ရာနီးလ် ဝစ်ကရာမက်ဆင်းဂေးဟာ ဆိုးရွားနေတဲ့ နိုင်ငံရဲ့စီးပွားရေးကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရှိစေဖို့အတွက် အလွန်အကျွံ အခွန်တိုးမြှင့်မှုတွေနဲ့ တခြားပြုပြင်ပြောင်းလဲမှုတွေ ပါဝင်နိုင်ခြေရှိတဲ့ သူ့ရဲ့ ပထမဆုံးဘတ်ဂျက်ကို နိုဝင်ဘာ ၁၄ ရက်မှာ တင်ပြမှာဖြစ်ပါတယ်။
ရန်ပုံငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဆီက ခွင့်ပြုချက်ရရှိဖို့ သူက မျှော်လင့်ထားပါတယ်။
ဒါပေမဲ့ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာမယ့် ကော်ပိုရိတ်အခွန်နဲ့ ပုဂ္ဂိုလ်ရေး ဝင်ငွေခွန်တွေအပြင် အောက်တိုဘာလက ၆၆ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှု အပါအဝင် အခွန်တိုးမြှင့်မှုတွေကြောင့် ပြည်သူလူထုရဲ့ မကျေနပ်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။