ကွန်ဂိုတွင် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုယာဉ်တန်း တိုက်ခိုက်ခံရပြီး ၂ ဦး ဒဏ်ရာရ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ နိုဝင်ဘာ ၁ ရက် ညနေပိုင်းက ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု ယာဉ်တန်းကို အရပ်သားတွေက တိုက်ခိုက်ခဲ့လို့ လူ ၂ ယောက် ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင်က နိုဝင်ဘာ ၂ ရက်နေ့မှာ ပြောပါတယ်။
ဂိုမာမြို့ကနေ ၈ ကီလိုမီတာ အကွာအဝေးရှိ ကန်ညာရွတ်ရှီကန်ကျေးရွာက ပြည်တွင်း ဘေးဒုက္ခရှောင်သူတွေ နေထိုင်ရာအနီးက စစ်တပ်စစ်ဆေးရေးဂိတ်မှာ ယာဉ်တန်း ရပ်နားနေချိန် တိုက်ခိုက်ခံခဲ့ရတာပါ။
လူအုပ်ကြီးဟာ စုဝေးလာခဲ့ပြီး ယာဉ်တန်းကို ခဲတွေနဲ့ပစ်ပေါက်ခဲ့ပြီးတော့ ထရပ်ကားတစီးကို မီးရှို့ခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင် MONUSCO က တွစ်တာမှာ ပြောပါတယ်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေဟာ လေထဲကို သတိပေး ပစ်ဖောက်မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာ အဲဒီဇုန်နေရာကနေ ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂမစ်ရှင်ဟာ ပြည်သူ့စစ်တွေရဲ့ ပိုဆိုးရွားလာတဲ့ အကြမ်းဖက်မှုတွေကနေ သူတို့ကို ကာကွယ်ဖို့ ပျက်ကွက်တယ်လို့ အရပ်သားပြည်သူတွေက စွပ်စွဲထားပြီး အခုနှစ်အတွင်း ဒေသတွင်းမှာ ကုလမစ်ရှင်ကို စိတ်ပျက်မှုတွေ တိုးလာကြတာပါ။
အင်္ဂါနေ့အစောပိုင်းက ကုလအဖွဲ့ဟာ ဗီရွန်ဂါပန်းခြံအနီး မြောက်ဘက်ရှိ ရူမန်ဂါဘို စစ်အခြေစိုက်စခန်းကနေ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၄၅၀ ကို မဟာဗျူဟာကျကျ နည်းဗျူဟာပိုင်းအရ ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။