close

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDF က မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်​တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ကျော်ကို အောက်တိုဘာ ၃ ရက် မနက် ၆ နာရီ ၅၀ မိနစ်မှာ  မြို့ကြီးကုန်းနဲ့ နည်းပညာတက္ကသိုလ်(ကလေး)ကြားမှာ PDF (Kalay)မိုင်းတပ်ဖွဲ့က အသင့်တပ်ဆင်ထားတဲ့ မိုင်းနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF တာဝန်ခံ‌က ပြောပါတယ်။

မိုင်းဖောက်ခွဲ တိုက်ခိုက်မှုအတွင်း အရာရှိ တယောက်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးယောက် သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရသွားပေမဲ့  PDF တွေဘက်တော့ ထိခိုက် ကျဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က မိုင်းပေါက်ကွဲတဲ့ အနီးဝန်းကျင်ကို ၅ မိနစ်လောက် ပစ်ခတ်ခဲ့ပြီး ကလေး-ဂန့်ဂေါလမ်းမကို ပိတ်လိုက်တယ်လို့ အနီးအနားကဒေသခံတွေက ပြောပါတယ်။

ဒေသခံက "သူတို့တွေ မိုင်းဆွဲခံရအပြီး ခရီးသွားတွေ၊ ကုန်တင်ယာဉ်တွေလာတာ။ အကုန်ပြန်လှည့်ခိုင်း တယ်။ အရာရှိ တယောက်‌သေတယ်လို့ ကြားတယ်"လို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း မနက် ၁၁ နာရီမှာတော့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ပစ်ကူနဲ့ ထောက်ကြန့်ကျေးရွာဘက်ကို ပစ်ခတ်ခဲ့ရာမှာ နေအိမ်ခြံဝန်းအတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့တာကြောင့် အသက် ၇၁ နှစ်အရွယ်အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာ (မစိုးရိမ်ရ) ရသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ကလေးမြို့ နည်းပညာတက္ကသိုလ် (ကလေး) အနီး မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကလေး PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၁ ယောက်အပါဝင် ၃ ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up