close

ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦးကို စစ်တပ်က ထပ်မံဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ နိုဝင်ဘာ ၂ ရက် ရပ်ကွက်အုပ်ချုပ်ရေးမှူး တယောက် အပါအဝင် လေးယောက်ကို  စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ 

နိုဝင်ဘာ ၂ ရက် ညက ပြင်ဖြူမော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းနဲ့ တခြားရပ်ကွက်တွေက အမျိုးသား သုံးယောက်ကို စစ်ကောင်စီကတပ်က အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ကျောက်ဖြူမြို့ခံတယောက်က “ ၂ ရက်နေ့ ညမှာ ပြင်ဖြူမော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုခင်မောင်ထွန်းကို ဖမ်းသွားတယ်။ ပြီးရင် စေတီတောင်ရပ်ကွက်မှာနေတဲ့ ကိုမောင်ထွန်းဆိုတဲ့သူကိုလည်း နေအိမ်ပြန်လာတဲ့အချိန် လမ်းမှာဖမ်းသွားတယ်။ နောက်စေတီတောင်ရပ်ကွက်က ဦးဝင်းမောင်ကို ဖမ်းတယ်လို့သိရတယ်။ နောက်ထပ် စေတီယျရပ်ကွက် ဦးထွန်းဝင်းလှိုင်ဆိုသူကိုလည်း ဖမ်းသွားတယ်လို့ သိရတယ်။ သူတို့ကို စစ်တပ်က အေအေနဲ့ဆက်စပ်တယ်လို့စွပ်စွဲပြီး လိုက်ဖမ်းနေတာပေါ့။ အခုက စစ်တပ်က ပြည်သူတွေ ဖမ်းချင်သလိုဖမ်းနေတာ၊ ပြီးရင်အေအေနဲ့ဆက်စပ်တယ်၊ ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြောင်းပြတာပေါ့”လို့  ပြောပါတယ်။

ကျောက်ဖြူမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း စေတီယျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလှထွန်း၊ ထွေအုပ်စာရေး ဦးစိုးမင်းနိုင်နဲ့ ရာအိမ်မှူးတယောက်တို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ကျောက်ဖြူမြို့မှာ မြို့ခံအရပ်သားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ အမှုဖွင့်နေတာတွေကြောင့် မြို့ခံတွေမှာ သံသယနဲ့ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြရတယ်လို့လည်း ဆိုပါတယ်။

ကျောက်ဖြူမြို့မှာ စက်တင်ဘာလကစတင်ပြီး စစ်ကောင်စီတပ်က အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ အရပ်သားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့အပါအဝင် လူပေါင်း ၄၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီးနောက် တချို့ကိုပြန်လွှတ်ပေးခဲ့ပေမဲ့ အများစုကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က)နဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁) စတာတွေနဲ့ အမှုဖွင့်ပြီး တရားစွဲဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up