close

စပိန်တွင် လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆိုဆန္ဒပြ

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်ရဲ့ အထင်ကရ ပလာဇာမေယာရင်ပြင်မှာ နိုဝင်ဘာ ၃ ရက်က ထောင်နဲ့ချီတဲ့ နိုင်ငံသားတွေ ပထမဆုံး လူထုဆန္ဒပြပွဲကြီးမှာ စုရုံးခဲ့ကြပြီး လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက “လစာတိုးမပေးရင် ဂုဏ်သိက္ခာမရှိဘူး” လို့ ကြွေးကြော်ခဲ့ကြပြီး တချို့ကလည်း “လစာ သို့မဟုတ် တိုက်ပွဲ” လို့ ရေးထားတဲ့ စာတန်းတွေကို ဝှေ့ယမ်းပြကြပါတယ်။

စပိန်မှာ ငွေကြေးဖောင်းပွမှုက နွေရာသီလတွေမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိရာကနေ အခုနှစ် အောက်တိုဘာလအထိ ၇ ဒသမ ၃  ရာခိုင်နှုန်းအထိ နှေးကွေးခဲ့ပေမဲ့ ပုံမှန်အဆင့်ထက်တော့ အခြေအနေ ကောင်းနေပါသေးတယ်။

ယူရိုဇုန် စားသုံးသူစျေးနှုန်းတွေက ပြီးခဲ့တဲ့လမှာ ၁၀ ဒသမ ၇ ရာခိုင်နှုန်းနဲ့ စံချိန်တင် မြင့်တက်ခဲ့တာပါ။

စီးပွားရေးနှေးကွေးမှုနဲ့အတူ တဟုန်ထိုး ငွေကြေးဖောင်းပွမှုဟာ အဓိကအားဖြင့် ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ်နဲ့ ဥရောပကို ဓာတ်ငွေ့ပို့ဆောင်မှု နောက်ဆက်တွဲ ပြတ်တောက်မှုကြောင့် ဖြစ်ပါတယ်။

စားသုံးသူစျေးနှုန်းတွေက ၁၀ ရာခိုင်နှုန်း ခုန်တက်ပြီး လစာတွေက ၁ ရာခိုင်နှုန်းပဲ တက်လာတဲ့အတွက် အလုပ်သမားတွေဟာ ဝယ်ယူနိုင်စွမ်းတွေ ဆုံးရှုံးသွားရကြောင်းနဲ့ အလုပ်သမားတွေဟာ နေ့စဉ်နဲ့အမျှ ပိုဆင်းရဲလာပြီး အဆိုးဆုံးက လူနည်းစုဟာ အလုပ်သမားတွေရဲ့စရိတ်နဲ့ ပိုချမ်းသာလာတာလို့ စပိန်အလုပ်သမားသမဂ္ဂ (UGT) အဖွဲ့ဝင် တိုမတ်စ် ပီရက်ဇ်က ပြောပါတယ်။

စပိန်ရဲ့ အဓိကစီးပွားရေးအသင်း CEOE ရဲ့ အကြီးအကဲ အန်တိုနီယို ဂါရာမန်ဒီက ငွေကြေးဖောင်းပွမှုနဲ့အညီ လစာတိုးပေးရဖို့ကို ပယ်ချခဲ့ပြီး ပိုပြီး မျှတတဲ့ တောင်းဆိုမှုမျိုးကို ဆွေးနွေးဖို့ RNE ရေဒီယိုကို ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up