တွစ်တာကုမ္ပဏီရုံး ယာယီပိတ်ပြီး ဝန်ထမ်းထက်ဝက်ခန့်ကို လျှော့ချထုတ်ပယ်မည်

တွစ်တာကုမ္ပဏီဟာ ပိုင်ရှင်အသစ် အီလွန်မတ်စ် လက်ထက်မှာ ကုမ္ပဏီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မသေချာမရေရာတဲ့ သီတင်းတစ်ပတ်ကြာပြီးနောက်မှာ ဝန်ထမ်းတွေကို ရာထူးကနေ ထုတ်ပယ် ခြင်း ရှိ၊ မရှိကို နိုဝင်ဘာ ၄ ရက်မှာ အီးမေးလ်ကနေ အကြောင်းကြားမှာဖြစ်ပြီး ရုံးတွေကိုလည်း ယာယီပိတ်လိုက်ပြီးတော့ ဝန်ထမ်းဝင်ရောက်ခွင့်တွေကိုလည်း တားမြစ်ထားပါတယ်။
ဝန်ထမ်းလျှော့ချတဲ့အကြောင်းကို သောကြာနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ ဝန်ထမ်းတွေကို အီးမေးလ် ပေးပို့မှာဖြစ်ကြောင်း တွစ်တာ ဆိုရှယ်မီဒီယာကုမ္ပဏီက ပြောပါတယ်။
“တွစ်တာကို ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ထားနိုင်ဖို့ ကြိုးပမ်းရာမှာ ကမ္ဘာလုံးဆိုင်ရာ လုပ်သားအင်အားကို လျှော့ချဖို့ ခက်ခဲတဲ့ လုပ်ငန်းစဉ်ကို သောကြာနေ့မှာ လုပ်ဆောင်သွားမှာ ဖြစ်တယ်”လို့ နိုဝင်ဘာ ၃ ရက်က ပေးပို့တဲ့ အီးမေးလ်ကို ရိုက်တာက တွေ့မြင်ခဲ့ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ဟာ လုပ်သားအင်အားထက်ဝက်လောက် သို့မဟုတ် ဝန်ထမ်း ၃၇၀၀ လောက်ကို လျှော့ချဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ကုန်ကျစရိတ်တွေကို လျှော့ချဖို့နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်အသစ်တွေကို ချမှတ်ဖို့ လုပ်ဆောင်နေကြောင်း ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
တချို့ဝန်ထမ်းတွေကတော့ သူတို့အလုပ်ထုတ်ခံရတဲ့သတင်းတွေကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ မျှဝေခဲ့ကြပါတယ်။
ဝန်ထမ်းတချို့ဟာ ကုမ္ပဏီရဲ့အိုင်တီစနစ်ထဲကို ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရပြီး သူတို့အလုပ် ထုတ်ခံ လိုက်ရမှာကို စိုးရိမ်ကြောင်း တွစ်တာမှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီဟာ ဖက်ဒရယ်နဲ့ ကယ်လီဖိုးနီးယားဥပဒေတို့ကို ချိုးဖောက်ပြီး လိုအပ်တဲ့ ရက် ၆၀ ကြိုတင်သတိပေးချက် မထုတ်ပြန်ဘဲ အစုလိုက်အပြုံလိုက် ရာထူးကနေ ရပ်စဲတာ ဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်မှာ တွစ်တာဝန်ထမ်းတွေက တရားစွဲဆိုထားပါတယ်။