close

နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်တွင် စံချိန်တင်ရေကြီး

သြစတြေးလျရဲ့လူဦးရေအများဆုံး နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်မှာ မြစ်တွေရေလျှံပြီး ကမ်းပါးတွေကို ကျော်လွန်လျှံကျလာကာ စံချိန်တင် ရေကြီးရေလျှံမှု အဆင့်ကို ရောက်ခါနီး ဖြစ်လာပြီးနောက်မှာ နိုဝင်ဘာ ၄ ရက်မှာ ပြည်နယ်ရှိ ကုန်းတွင်းမြို့ အများအပြားမှာ နေထိုင်သူ ထောင်ပေါင်းများစွာကို ရေဘေးသတိပေးချက်တွေ ထုတ်ပြန်ပြီး ညတွင်းချင်း နေအိမ်တွေကို ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခဲ့ ပါတယ်။ 

လက်ရှိမှာ မြစ် ၉ ခုရဲ့စနစ်တွေဟာ အဓိက ရေကြီးနေတာဖြစ်ကြောင်း နယူးဆောက်သ်ဝေးလ်စ် အရေးပေါ် ဝန်ဆောင်မှု၀န်ကြီး စတက်ဖှ်ကွတ်ခ် က ပြောပါတယ်။ 

ပြည်နယ်ရဲ့အဓိက ဂျုံစိုက်ပျိုးရာ ကျေးလက်မြို့ဖြစ်တဲ့ ဖေါ့ဘ်စ်မှာ ရေကြီးရေလျှံမှုကြီး ဖြစ်ပွားနေပြီး လာချလန်မြစ်ဟာ သောကြာနေ့ နှောင်းပိုင်းမှာ နှစ် ၇၀ ကြာကာလအတွင်း အမြင့်မားဆုံးကို ရောက်ရှိနိုင်ကြောင်း မိုးလေဝသဌာနက ပြောပါတယ်။ 

ဖေါ့ဘ်စ်ကို သက်ရောက်လာတဲ့ ရေလွှမ်းမိုးမှုတွေနဲ့ နယူးဆောက်သ်ဝေးလ်စ် အနောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အရင်ကမြင်ဖူးထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန် မြင့်တက်လာနေတယ်လို့ နယူးဆောက်သ်ဝေးလ်စ် အရေးပေါ်ဝန်ဆောင်မှု မဟာဗျူဟာခေါင်းဆောင် အက်ရှ်လီ ဆူလေဗန်က ပြောပါတယ်။ 

ဒါကြောင့် ရပ်ရွာအသိုင်းအ၀ိုင်းအနေနဲ့ ဘေးလွတ်ရာရွှေ့ပြောင်းရေးအမိန့်ကို အထူးဂရုပြုပြီး စောစောထွက်ခွာကြဖို့လည်း တောင်းဆိုထားပါတယ်။ 

နှစ်ပေါင်းများစွာ လာနီနာ ရာသီဥတုဖြစ်စဉ်ကြောင့် ဩစတြေးလျရဲ့ အရှေ့ဘက်ခြမ်းဟာ အခုနှစ်မှာ ၄ ကြိမ်မြောက် ရေကြီးရေလျှံမှုကြီးကို ကြုံတွေ့နေရပြီး အများအားဖြင့် မိုးရေချိန် တိုးလာခြင်းနဲ့ ဆက်စပ်နေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up