အမေရိကန် ဖီလာဒဲလ်ဖီးယားမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး ၉ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့မှာ နိုဝင်ဘာ ၅ ရက်ညက ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ ယောက် သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး ၂ ယောက်က အခြေအနေ စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ ရဲတွေရောက်နေတာကို ဗွီဒီယိုမှတ်တမ်းတွေက ပြထားပါတယ်။
သေနတ်သမား အများအပြားဟာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ကန်ဆင်းတွန် ဧရိယာက ကားတစီးထဲကနေ ထွက်လာပြီး သေနတ်နဲ့ အကြိမ် ၄၀ လောက် ပစ်ခတ်ခဲ့တယ်လို့ ဖီလာဒဲလ်ဖီးယားမြို့ ပထမ လက်ထောက်ရဲမင်းကြီး ဂျွန်စတန်းဖို့ဒ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒဏ်ရာရသူ ၇ ယောက်က အခြေအနေ တည်ငြိမ်တယ်လို့ သူကပြောပါတယ်။
ကားဆီပြန်လာပြီး ထွက်သွားတဲ့ သေနတ်သမားရဲ့ ပစ်မှတ်ကို မသိရသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ စတန်းဖို့ဒ်က ပြောပါတယ်။။
အမေရိကန်မှာ အခုနှစ်အတွင်း လူဒါဇင်နဲ့ချီ သေဆုံးပြီး ဒဏ်ရာရခဲ့တဲ့ ကျောင်းပစ်ခတ်မှုတွေကြောင့် ကာလရှည်ကြာ လည်ပတ်နေတဲ့ အမေရိကန် သေနတ်ထိန်းချုပ်ရေးကိစ္စကို ဆွေးနွေးနေကြပါတယ်။
တက္ကဆက်ပြည်နယ်မှာ မေလအတွင်း သေနတ်သမားတယောက်က ကလေးငယ် ၁၉ ယောက်နဲ့ အရွယ်ရောက်ပြီးသူ ၂ ယောက်ကို အသေပစ်ခတ်ခဲ့လို့ အသေအပျောက် အများဆုံး ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
ကန်းဆတ်မြို့နဲ့ ချီကာဂိုမြို့တွေမှာလည်း အောက်တိုဘာ ၃၁ ရက်က ပစ်ခတ်မှုကြောင့် လူတယောက်သေဆုံးပြီး အယောက် ၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။