ရုရှားနှင့် လက်နက်အရောင်းအဝယ်မရှိဟု မြောက်ကိုရီးယား ငြင်းဆို

မြောက်ကိုရီးယားဟာ ရုရှားနဲ့ ဘာလက်နက်အရောင်းအဝယ်မှ မရှိခဲ့ကြောင်းနဲ့ အဲဒီလိုလုပ်ဖို့လည်း အစီအစဉ်မရှိဘူးလို့ နိုဝင်ဘာ ၈ ရက်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားကို အမြောက်ကျည်တွေ ထောက်ပံ့ပေးနေပုံ ပေါ်တယ်လို့ အမေရိကန်က ပြောကြားပြီးနောက်မှာ မြောက်ကိုရီးယားဘက်က ထုတ်ပြန်လိုက်တာပါ။
မြောက်ကိုရီးယားဟာ ရုရှားကို အမြောက်အများအပြား လျှို့ဝှက်ထောက်ပံ့ပေးနေတယ်လို့ ညွှန်ပြနေတဲ့ သတင်းအချက်အလက်တွေ အမေရိကန်မှာ ရှိနေကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကနိုင်ငံတွေကတဆင့် တင်ပို့ရောင်းချမှုတွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းနေကြောင်းနဲ့ ဒီတင်ပို့မှုတွေကို လက်ခံတာရှိမရှိ ဝါရှင်တန်က စောင့်ကြည့်နေတယ်လို့ ကာဘီက ပြောခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေဟာ ကောလာဟလဖြစ်တယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတယောက်က ပြောကြားခဲ့ပြီး ပြုံယမ်းဟာ ရုရှားနဲ့ ဘာလက်နက်အရောင်းအဝယ်မှ မရှိခဲ့ကြောင်းနဲ့ နောက်အနာဂတ်မှာလည်း အဲဒီလိုလုပ်ဖို့ အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။