မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၄ စင်း ထပ်မံပစ်လွှတ်

မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ အနောက်ပင်လယ်ထဲကို တာတိုပစ် ပဲ့ထိန်း ဒုံးကျည် လေးစင်း ထပ်မံ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ဒီ ဒုံးကျည်တွေဟာ အမြင့် ၁၂ မိုင် နဲ့ မိုင် ၈၀ လောက် အကွာအဝေးထိ ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ ခုသီတင်းပတ်အတွင်း မအောင်မြင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် (ICBM) အပါအဝင် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့လို့ အမေရိကန်နဲ့ တောင်ကိုရီးယားအစိုးရတို့က ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
ဒုံးကျည်ပစ်လွှတ်ခဲ့လို့ မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူစမ်းသပ်မှု ပြန်စဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ထင်ကြေးပေးခဲ့ကြပါတယ်။
နိုဝင်ဘာ ၄ ရက်မှာ တောင်ကိုရီးယားက မြောက်ကိုရီးယား စစ်လေယာဉ် ၁၈၀ ကို တုံ့ပြန်တဲ့ အနေနဲ့ စစ်လေယာဉ်တွေ ပျံတက် ပျံသန်းခဲ့ ပါတယ်။
မြောက်ကိုရီးယားအစိုးရကလည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်စတဲ့ လေကြောင်း လေ့ကျင့်မှုကို ရပ်တန့်ဖို့ ထပ်ပြီးတောင်းဆိုခဲ့ ပါတယ်။
ခုသီတင်းပတ်အတွင်း ဒုံးကျည်ဆက်တိုက်ပစ်လွှတ်နေလို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို ဒေါသထွက်စေတဲ့ Vigilant Storm စစ်ရေးလေ့ကျင့်မှုကို သက်တမ်းတိုး ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ဟာ ရန်စတဲ့ လေကြောင်း စစ်ရေး လေ့ကျင့်မှုကို ရပ်တန့်သင့်ပြီး စဉ်ဆက်မပြတ် ရန်စတာတွေဟာ စဉ်ဆက်မပြတ် တန်ပြန် တုံ့ပြန်တာတွေ နောက်ဆက်တွဲ ရလဒ်ထွက် လာလိမ့်မယ်လို့ သတိပေးထား ပါတယ်။