close

မြစ်ကြီးနားတွင် စစ်ကောင်စီတပ်က လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်လိုင်စင် စစ်ဆေးနေပြီး ဆိုင်ကယ်တွေနဲ့ ကားတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားနဲ့ မန်ခိန်ရပ်ကွက် ပြည်နယ်လွှတ်တော်ရုံးအနီးမှာ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့  မော်တော်ယာဉ်တွေကို ဖမ်းဆီးနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်ကြီးနားမြို့ခံ တဦးက “မနက် ၁၁ နာရီခွဲလောက်က  ဝိုင်းမော်ဘက်ကနေ မြစ်ကြီးနား ပြန်လာတော့ ဗလမင်းထင်တံတားထိပ်မှာ ယာဉ်တွေ စစ်နေတယ်။ ကားတွေ ဆိုင်ကယ်တွေကို လိုင်စင်စစ်ပြီး မပြည့်စုံရင်ဖမ်းတယ်။ အဖမ်းခံထားရတာတွေလည်း အများကြီး။ အဲဒီကနေ လွှတ်တော်ရုံးရှေ့ရောက်တော့ နောက်တဖွဲ့ကလည်း ထပ်ဖမ်းနေတယ်။ ကားတွေကို လွှတ်တော်ရုံးထဲ မောင်းသွင်းခိုင်းတယ်။ ကျနော့်ဆိုင်ကယ်ကတော့ အားလုံး ပြည့်စုံလို့ အဖမ်းမခံရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်တပ်၊ ရဲနဲ့ ယာဉ်ထိန်းရဲအင်အား  ၂၅ ယောက်လောက်က ဖြတ်သန်းသွားလာတဲ့  မော်တော်ကားတွေကို  နောက်ဖုံးနဲ့  လိုင်စင်တွေ စစ်ဆေးကာ မော်တော်ယာဉ်အစီး ၆၀ ထက်မနည်းကို  ဖမ်းဆီးခဲ့ပါတယ်။

ဗလမင်းထင်တံတားအနီး နေထိုင်သူတစ်ဦးက “ဖမ်းထားတဲ့ ကားတွေ အတော်များတယ် တန်းစီနေတာပဲ။ ကချင်ပြည်နယ်မှာ ကားအတော်များများက  without  (လိုင်စင်မဲ့)တွေ များတယ်။ အဲဒီလို မဖမ်းတာအတော့်ကို ကြာပြီ။ အဲ့ဘက်  ဖြတ်လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ပြီးဖမ်းနေတာ။ အစီး ၆၀ နဲ့ ၇၀ လောက် ရှိတယ်။ ဖမ်းပြီး ဘာလုပ်မလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဗလမင်းထင်တံတား စစ်ဆေးရေးဂိတ်မှာ ၂၀၂၁ ခုနှစ် ဇူလိုင်လပိုင်းက ဝိုင်းမော်မြို့ကနေ မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဂိတ်အနီးဈေးရောင်းနေသူအမျိုးသမီး တယောက်  ကျည်ထိမှန်ခဲ့ပါသေးတယ်။

Photo -CJ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up