စိတ်ကူးအိပ်မက် ဖြစ်မလာဟု ဘရာဇီးအသင်း အပယ်ခံတိုက်စစ်မှူး ဖေမီနိုပြော

ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် ဘရာဇီးလက်ရွေးစင်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် စိတ်ကူးအိပ်မက်တွေ ဖြစ်မလာခဲ့ကြောင်း လီဗာပူးတိုက်စစ်မှူး ဖေမီနိုက ပြောပါတယ်။
ဘရာဇီးနည်းပြ တက်တီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အပြီးသတ်ကစားသမား ၂၆ ဦး စာရင်းကို နိုဝင်ဘာ ၈ ရက်က ကြေညာခဲ့တာပါ။
အဲဒီလူစာရင်းမှာ တိုက်စစ်ကစားသမား ၉ ဦးအထိ ပါဝင်ခဲ့ပြီး ပြည်တွင်းကလပ် ဖလာမင်ဂိုအသင်း တိုက်စစ်မှူး ပက်ဒရိုက ဖေမီနိုကိုကျော်ပြီး ရွေးချယ်ခံခဲ့ရတာပါ။
ဘရာဇီးတိုက်စစ်မှူး ၉ ဦးထဲမှာ ပရီးမီးယားလိဂ်က ဂျေဆု၊ မာတင်နယ်လီ၊ ရစ်ချာလီဆန်နဲ့ အန်တိုနီတို့ ပါဝင်ခဲ့ပြီး နေမာ၊ ဗင်နီဆီးယက်စ်၊ ရိုဒရိုင်ဂို၊ ရာဖင်ညာနဲ့ ပတ်ဒရိုတို့ ရွေးချယ်ခံခဲ့ရတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကစားသမားတိုင်းအတွက် စိတ်ကူးအိပ်မက်ဖြစ်ပြီး သူ့အတွက်လည်း ကွဲပြားခြားနားမှုမရှိကြောင်း၊ လူစာရင်းထုတ်ပြန်မှုဟာ စိတ်ကူးအိပ်မက်တွေနဲ့ လွဲချော်ခဲ့ရကြောင်း၊ ရွေးချယ်ခံရတဲ့သူတွေအတွက် ဂုဏ်ယူမိပြီး လက်ရွေးစင်အသင်းမှာ ကစားခဲ့ရတဲ့ အချိန်တွေဟာလည်း ဂုဏ်ယူစရာဖြစ်ကြောင်း ဖေမီနိုက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
အသက် ၃၁ နှစ်ရှိ လီဗာပူးတိုက်စစ်မှူးဟာ ဘရာဇီးအတွက် စုစုပေါင်း ၅၅ ပွဲမှာ ၁၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။