close

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းကို နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၆ လုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ကျောက်ရစ်ရဲစခန်းဝင်းအတွင်းကို‌ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က မနက် ၈ နာရီခွဲမှာ ဗုံးသီး ၂ လုံး၊ ၁၀ နာရီလောက်မှာ ဗုံး ၄ လုံးတို့ကို ဒရုန်းတွေမှာ ချိတ်ဆွဲပြီး ပစ်ချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Black Eagle Defence Force-MMU တာဝန်ရှိသူတယောက်က “စုစုပေါင်း ဗုံးသီး ၆ လုံး သုံးတယ်။ စခန်းထဲက သူတို့ရှိမယ့် အဓိကကျတဲ့ နေရာတွေကို ရွေးချယ်ပစ်ချခဲ့တာပါ။ စကစဘက်က အထိခိုက် အသေပျောက်တွေ ရှိတယ်လို့ပဲ ကနဦး သိထားရပါတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ကျောက်ရစ်ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Eagle Defence Force-MMU၊  မြင်းမူမြို့နယ် ပကဖ၊ Farmer Revolution Force CHU (FRF)၊ မြောင်မြို့နယ် တော်လှန်ရေးတပ်-Myaung Revolution Army တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ကလည်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို T.G.R Women Drone Force က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up