တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး

တရုတ်ဝန်ကြီးချုပ် လီကီချန်းဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ နိုဝင်ဘာ ၉ ရက်က ဖနွမ်းပင်မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
“တရုတ်နဲ့ ကမ္ဘောဒီးယားဟာ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းပြီး နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု အဆင့်အတန်း မြင့်မားတယ်။ နယ်ပယ်အသီးသီးမှာ အသီးအပွင့်တွေ ဖြစ်ထွန်းပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခံစားရတယ်” လို့ လီက ပြောပါတယ်။
တရုတ်နိုင်ငံဟာ ကောင်းမွန်တဲ့ ကမ္ဘောဒီးယား လယ်ယာထွက်ကုန်တွေ တင်သွင်းမှုကို တိုးမြှင့်ပြီး စက်မှုထွန်းကားရေး အရှိန်အဟုန်နဲ့ ကမ္ဘောဒီးယားကို ပံ့ပိုးကူညီမယ်လို့လည်း လီက ပြောပါတယ်။
နှစ်နိုင်ငံဟာ သိပ္ပံနဲ့နည်းပညာ၊ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရင်း တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း လီက ပြောပါတယ်။
ဟွန်ဆန်က ကမ္ဘောဒီးယားနဲ့ တရုတ်တို့ဟာ ခိုင်မာတဲ့မိတ်ဆွေတွေဖြစ်ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ကမ္ဘောဒီးယားပြည်သူတွေက ထောက်ခံအားပေးတယ်လို့ ပြောပါတယ်။
“ကမ္ဘောဒီးယားဟာ တရုတ် တနိုင်ငံတည်းမူဝါဒကို အခိုင်အမာထောက်ခံပြီး မျှဝေထားတဲ့ အနာဂတ်နဲ့ ကမ္ဘောဒီးယား-တရုတ် အသိုက်အဝန်းကို တည်ဆောက်ရေး ထောက်ခံကြောင်း သတိပြုမိတယ်၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နက်ရှိုင်းလာစေဖို့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ဟွန်ဆန်က ပြောပါတယ်။
နှစ်ဖက် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အမြင်ချင်း နက်နက်ရှိုင်းရှိုင်း ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲအပြီးမှာ လီနဲ့ ဟွန်ဆန်တို့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်း ၁၀ ခုကျော်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဖနွမ်းပင်-ဆီဟာနုဗီးလ် အမြန်လမ်းကို ဖွင့်လှစ်ခဲ့ပါတယ်။
မနေ့ မွန်းလွဲပိုင်းမှာ တရုတ်ဝန်ကြီးချုပ်ဟာ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးကျောက်တိုင်နဲ့ ခမည်းတော် နိုရိုဒမ် စီဟာနု ရုပ်တုတို့မှာ လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။