close

ပုဏ္ဏားကျွန်းမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားအချို့ ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို နိုဝင်ဘာ ၁၀ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့  ပြည်သူတချို့  ဒဏ်ရာရခဲ့တယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေ ဒီနေ့ မနက်ပိုင်း ၉ နာရီကျော်ကနေ ၁၀ နာရီခွဲလောက်အထိ စစ်တွေ ခလရ ၂၀ ကတက်လာတဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ် တစီးနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့လို့ ပြည်သူတွေ ဒဏ်ရာရရှိပြီး သေဆုံးသူ ရှိနိုင်တယ်လို့ အိုင်တင်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“ရဟတ်ယာဥ်ပေါ်ကနေ ဆက်တိုက် ပစ်ခတ်လို့ ကျနော်တို့လည်း ကြောက်လန့်ပြီး ပုန်းခိုကျင်းထဲဝင်ပုန်းနေရတယ်။ ရဟတ်ယာဥ်ကတော့ ခလရ ၂၀ ကို ပြန်သွားပြီး၊  တနာရီကျော်လောက်ကြာအောင် လေကြောင်းတိုက်ခိုက်ခဲ့တာ။”

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် အိုင်တင်ရွာက အသက် ၁၆ နှစ်အရွယ် မောင်စိုးဝင်းဦးရဲ့ ခြေထောက် ဒဏ်ရာရသွားပြီး  အသက် ၅၅ နှစ်အရွယ် ဒေါ်မလုံးချေ၊ ယာချောင်းရွာသား တယောက်နဲ့ ရေပေါက်ချောင်းရွာက တယောက် လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်း အခြေစိုက် ၅၅၀ တပ်ရင်းနဲ့ ပါဒလိတ် တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒဏ်ရာရလူနာတွေ ဆေးကုသဖို့ အခက်ခဲဖြစ်နေသလို ပဒေသရွာဘက်မှာလည်း တယောက်သေဆုံး ၃ ယောက်ဒဏ်ရာရတယ်လို့ သတင်းကြားရပေမယ့် အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနဲ့ ဆင်အင်းကြီးရွာနားမှာ ဒီမနက်ပိုင်းက စစ်ကောင်စီရဲ့ ရိက္ခာကား ၃ စီးကို အေအေ ကမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီရဲ့ ရိက္ခာကား တစီးကို အေအေက သိမ်းပိုက်ရရှိပြီးတဲ့နောက် အနီးနားကျေးရွာတွေကို  စစ်တပ်က လေကြောင်းကနေရော လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ်ပစ်ခတ်နေတာပါ။

ပုဏ္ဏားကျွန်းနဲ့ ကျောက်တော် မြို့နယ် အစပ်က နနွင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း စက်တင်ဘာ ၂၉ ရက်မှာ ရက္ခိုင့်တပ်တော်က ရွက်ညိုးတောင်နားမှာ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up