ဥပဒေမဲ့ စီးပွားရေးလုပ်နေသည့် တရုတ်နိုင်ငံသားများကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေး ဖမ်းဆီးနေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ယန်နာဝါနယ်မြေထဲမှာ တရားမဝင် နိုက်ကလပ်ဖွင့်ပြီး မူးယစ်ဆေးဝါးတွေပါ ရောင်းချတဲ့ ကျင့်လိန် KTV ဆိုင်ကို ထိုင်းရဲတွေ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တဲ့နောက် ကွင်းဆက်တွေ လိုက်လံစုံစမ်းစစ်ဆေးရာမှာ နောက်ထပ် ဥပဒေမဲ့ အလုပ်တွေ လာရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော် စစ်ဆေးတွေ့ရှိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။
ဥပဒေမဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အဖွဲ့ကြီး ၅ ဖွဲ့ရှိပြီး အဲဒီထဲက အဓိက ခေါင်းဆောင်ဖြစ်တဲ့ ဒေးဗစ်နဲ့ လူခန်းဖွေ့ကို ဖမ်းဆီးရမိပြီးဖြစ်ကာ နောက်ထပ် ခေါင်းဆောင် ၃ ယောက်က ထိုင်းနိုင်ငံကနေ ထွက်ခွာသွားပြီလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချိတ် ဟတ်ဖန်းက နိုဝင်ဘာ ၉ ရက် ထောင်းလော်ရဲစခန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် အဆိုပါအဖွဲ့တွေနဲ့ ဆက်စပ်မှုရှိနိုင်တဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ရှိကြောင်း၊ သူတို့တွေဟာ ဒီမတိုင်ခင်ရှေ့ကပဲ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း၊ သူတို့ဟာ ထိုင်းမြေမှာ ဥပဒေနဲ့မညီတဲ့အလုပ်တွေ လုပ်ခဲ့လို့ နောက်ထပ် ခိုင်လုံတဲ့အထောက်အထားတွေ စုဆောင်းပြီးရင် တရားရုံးအမိန့်နဲ့ ဖမ်းဝရမ်းထုတ်ကာ အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီး ဖမ်းဆီးအရေးယူမယ်လို့ ဒုရဲချုပ်က ဆက်ပြောပါတယ်။
ကျင့်လိန် KTV မှာ ရပ်ထားတဲ့ ကားအစီးရေ ၃၀ ကျော်ကို ဖမ်းထားပြီး အမည်ပေါက် ကားပိုင်ရှင်တွေကနေတဆင့် ဆက်စပ်မှုရှိနိုင်ခြေရှိတဲ့ ခရိုင် ၁၅ ခုက နေရာပေါင်း ၂၆ နေရာကို ဆက်လက်စုံစမ်းကာ စီးပွားရေးလုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၃၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း၊ ဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ရှိတာကိုလည်း စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသားတွေ အခုလို ဝင်ရောက်ပြီး ဥပဒေမဲ့ လုပ်ကိုင်နေနိုင်တာဟာ နယ်မြေခံ ထိုင်းနိုင်ငံသားတွေရဲ့ အကူအညီမပါဘဲ လုံးဝလုပ်ဆောင်လို့မရကြောင်း၊ ဒါကြောင့် ပါဝင်ပတ်သက်နေတဲ့ ထိုင်းလူမျိုးတွေလည်း အရေးယူခံရမှာဖြစ်ကြောင်း၊ အဲဒီထဲမှာ ဝန်ကြီးဟောင်းတယောက် ပါဝင်တယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးနေဆဲမို့ အတည်မပြုနိုင်ကြောင်း၊ ဘယ်သူမဆို ဥပဒေအရ ထိရောက်စွာ အရေးယူခံရမယ်လို့ ဒုရဲချုပ်က ပြောပါတယ်။
ကျင့်လိန် KTV မှာ တွေ့ရှိတဲ့ မူးယစ်ဆေးဝါးမျိုးစုံနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ၄ ယောက်ရှိကြောင်း၊ အဲဒီထဲမှာ အဆောက်အဦငှားရမ်းခွင့်ပြုတဲ့ ပိုင်ရှင် ထိုင်းလူမျိုးတယောက် ပါပြီး ကျန် ၄ ယောက်ကို ဆက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဘန်ကောက်၊ ဆုထိခန်၊ ထောင်းလော်နဲ့ ယန်နာဝါနယ်မြေ စတဲ့ နေရာ ၃ ခုလုံးမှာ ဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွေဟာ ကွန်ရက်တခုတည်းဖြစ်ပြီး ငှားရမ်းသူနဲ့ အမည်ပေါက်ဟာ ထိုင်းအမည်တွေနဲ့လို့ ဆိုပါတယ်။
ဒီအတောအတွင်း ထိုင်းနိုင်ငံသား မှတ်ပုံတင်အတု ကိုင်ဆောင်တဲ့ တရုတ်နိုင်ငံသားတချို့ ဖမ်းဆီးခံရပြီး မှတ်ပုံတင်ထွက်ရှိရာ နယ်မြေအုပ်ချုပ်ရေးရုံးက ဝန်ထမ်းတွေလည်း စစ်ဆေးခံနေရပါတယ်။
အဆိုပါ တရုတ်နိုင်ငံသားတွေဟာ သေဆုံးသွားပြီဖြစ်တဲ့ ထိုင်းလူမျိုးတွေရဲ့ မှတ်ပုံတင်ကို ပြန်ဝယ်တာ၊ တချို့မှာ သက်ရှိထင်ရှားရှိနေတဲ့ ထိုင်းလူမျိုးရဲ့ မှတ်ပုံတင်နံပါတ်ကို ထပ်တူကိုင်ဆောင်နေကြောင်း၊ အဆိုပါမှတ်ပုံတင်ကတ်ပြားတွေရရှိဖို့ မှတ်ပုံတင်ရုံး ဝန်ထမ်းတွေကို ဘတ်ငွေ သန်းနဲ့ချီပေးပြီး ဝယ်ယူခဲ့ကြတယ်လို့လည်း ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။