ဂရိတွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဖမ်းဆီး

ဂရိနိုင်ငံမှာ အိမ်ထောင်စုများစွာကို ထိခိုက်စေတဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်တာကြောင့် အေသင်မြို့တော်ရဲ့ ပါလီမန်အပြင်ဘက်က ဆန္ဒပြပွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၉ ရက်မှာ ဂရိရဲတွေက လူ ၁၀ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။
ရဲတွေဆီကို ကျောက်ခဲတွေနဲ့ ဓာတ်ဆီဗုံးတွေ ပစ်ပေါက်နေတဲ့ ဆန္ဒပြသူတစုကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကားတစီးနဲ့ ဆိုင်ပြတင်းပေါက် တချို့လည်း ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ ငွေကြေးဖောင်းပွမှုဒဏ်ကို တောင့်ခံနိုင်မယ့် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုကြတဲ့ သပိတ်ကို ဆင်နွှဲကြပါတယ်။
ဥရောပရဲ့ စွမ်းအင်ဈေးနှုန်းတွေ ကြီးမြင့်လာတာနဲ့အမျှ နေထိုင်မှုစရိတ်တွေလည်း မြင့်တက်လာတာကြောင့် ဥရောပတိုက်အနှံ့ အလုပ်သမားသပိတ်တွေနဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာရပါတယ်။
အေသင်မြို့ ပါလီမန်ကို ချီတက်ရာမှာ ဆန္ဒပြသူ ၂၀,၀၀၀ လောက် ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဆန္ဒပြမှုဟာ ဂရိနိုင်ငံမှာ နှစ်ပေါင်း ၃၀ လောက် ကြာမြင့်လာတဲ့ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ လုပ်ခလစာတိုးပေးရေး နိုင်ငံရဲ့ အကြီးဆုံးသမဂ္ဂတွေက တောင်းဆိုတဲ့ ၂၄ နာရီကြာ ဆန္ဒပြမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
အစိုးရဟာ လက်ရှိ တလကို ၇၁၃ ယူရို ရရှိအောင် အနိမ့်ဆုံးအခကြေးငွေ တိုးပေးထားတာဖြစ်ပြီး ဇန်နဝါရီလကတည်းက တိုးပေးထားတာ ၂ ကြိမ် ရှိသွားပါပြီ။
အစိုးရဟာ ၂၀၂၃ မှာ ထပ်တိုးပေးမယ်လို့ ကတိပြုထားပြီး နောက်ထပ် အကူအညီတွေလည်း ပေးဦးမယ်၊ ပင်စင်စားတွေကိုလည်း ထပ်တိုးပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သမဂ္ဂတွေဟာ အနည်းဆုံးအခကြေးငွေကို များများစားစား တိုးမြှင့်ပေးဖို့နဲ့ နှစ်တွေကြာလာတာနဲ့အမျှ ပျက်ပြယ်နေတဲ့ အလုပ်သမားဥပဒေတွေ ပြန်လည်ထူထောင်ရေးတို့ကို တောင်းဆိုနေတာ ဖြစ်ပါတယ်။