ယူကရိန်းစစ်တပ်ကို လေ့ကျင့်ပေးရန် ကနေဒါက တိုက်ခိုက်ရေးအင်ဂျင်နီယာ ၄၀ စေလွှတ်

ပိုလန်နိုင်ငံရှိ ယူကရိန်းစစ်တပ်တွေကို လေ့ကျင့်ပေးရာမှာ ပံ့ပိုးကူညီဖို့ တိုက်ခိုက်ရေး အင်ဂျင်နီယာ အယောက် ၄၀ စေလွှတ်မယ်လို့ ကနေဒါအစိုးရက အောက်တိုဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
ကနေဒါစစ်တပ်ဟာ ၂၀၁၅ ခုနှစ်ကတည်းက ယူကရိန်းစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၃,၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပေမဲ့ ဖေဖော်ဝါရီလကတည်းက လေ့ကျင့်မှုအပိုင်းတွေကို ခဏရပ်ထားခဲ့တာပါ။
အင်ဂျင်နီယာ ကင်းထောက်၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ သတ္တုတူးဖော်ရေးနဲ့ မိုင်းတူးဖော်ရေးတွေမှာ ကူညီဖို့ တိုက်ခိုက်ရေးအင်ဂျင်နီယာတပ်ဖွဲ့ဝင် အယောက် ၄၀ လောက်ကို ကနေဒါက ပိုလန်ဆီကို စေလွှတ်သွားမယ်လို့ ကနေဒါကာကွယ်ရေးဝန်ကြီး အာနီတာ အာနန်ဒ်က မြို့တော်ဝါဆောမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲထဲမှာ ပြောပါတယ်။
ကနေဒါတပ်ဖွဲ့တွေဟာ ဒုက္ခသည်ဧည့်ခံရေးစင်တာတွေကို ပံ့ပိုးရာမှာ ပိုလန်စစ်တပ်နဲ့ အစိုးရတို့ကို ကူညီပေးခဲ့ပြီး ဗြိတိန်အခြေစိုက် လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း ပံ့ပိုးကူညီခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံကို လှူဒါန်းထားတဲ့ M777 ဟော့စ်ဇာတွေသုံးတာနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံက ယူကရိန်းအမှုထမ်းတွေကို ဖြည့်စွက် လေ့ကျင့်ပေးသွားမှာပါ” လို့ အာနန်ဒ်က ပြောပါတယ်။
အရပ်ဘက်ပစ်မှတ်တွေနဲ့ အခြေခံအဆောက်အအုံတွေအပေါ် ရုရှားရဲ့တိုက်ခိုက်မှုတွေကို အာနန်ဒ်က ရှုတ်ချခဲ့ပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောပါတယ်။