close

ကနေဒါတွင် ပညာရေးလုပ်သားသမဂ္ဂ ဆန္ဒပြ

ကနေဒါနိုင်ငံရဲ့ လူဦးရေအများဆုံးပြည်နယ် အွန်တဲရီယိုမှာ ပညာရေးလုပ်သား ၅ သောင်း ၅ ထောင်ကို ကိုယ်စားပြုတဲ့ သမဂ္ဂတစ်ခုဟာ နိုဝင်ဘာ ၄ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းတွေမှာ လစာပိုကောင်းဖို့နဲ့ လူတွေနဲ့တိုက်ရိုက်ဆက်ဆံရတဲ့ ရှေ့တန်းဝန်ထမ်းတွေကို ပိုခန့်ထားပေးဖို့ ပြည်နယ်အစိုးရနဲ့ သဘောတူညီမှု မရခဲ့တာကြောင့် ဆန္ဒပြခဲ့ကြတာပါ။ 

ပညာရေးလက်ထောက်တွေ၊ အတွင်းရေးမှူးတွေနဲ့ စာကြည့်တိုက်လုပ်သားတွေ ပါ၀င်တဲ့ အလုပ်သမားတွေရဲ့ ရုတ်တရက် သပိတ်မှောက်မှုကြောင့် နိုဝင်ဘာ ၄ ရက်မှာ ရာနဲ့ချီတဲ့ စာသင်ကျောင်းတွေကို ပိတ်လိုက်ရပါတယ်။ 

သပိတ်မှောက်မှုတွေ ဆက်ရှိနေချိန်မှာ ကျောင်းတွေအားလုံး ပိတ်ထားမှာဖြစ်ကြောင်း ကနေဒါနိုင်ငံရဲ့ ကြီးကြပ်မှုအောက်က အကြီးဆုံးတိုရွန်တိုခရိုင် ကျောင်းဘုတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။ 

အလုပ်သမားတွေဟာ နိုဝင်ဘာ ၆ ရက်မှာ သပိတ်မှောက်ဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

သပိတ်မှောက်မှာကို ကြိုတင်ခန့်မှန်းထားတဲ့ Ford အစိုးရကလည်း ကနေဒါပြည်သူ့ဝန်ထမ်းသမဂ္ဂ (CUPE) ကနေ ကိုယ်စားပြုတဲ့ အလုပ်သမားတွေကို စာချုပ်ချုပ်ဆိုဖို့ ဖိအားပေးတဲ့ အငြင်းပွားဖွယ်ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပြီး သပိတ်မမှောက်အောင် တားဆီးထားပါတယ်။

Ford အစိုးရက အလုပ်သမားတွေရဲ့တောင်းဆိုမှုက မြင့်မားလွန်းပြီး COVID-19 ကပ်ရောဂါကြောင့် လူကိုယ်တိုင် ကျောင်းတက်ဖို့ ၂ နှစ်ကြာ နှောင့်နှေးခဲ့ရပြီးနောက်မှာ စာသင်ခန်းတွေကို ဖွင့်ထားဖို့ ဥပဒေ လိုအပ်ကြောင်း ငြင်းခုံစောဒက တက်ထားပါတယ်။

ကျောင်းသားတွေကို စာသင်ခန်းထဲမှာပဲ ရှိရမယ်ဆိုတဲ့ အက်ဥပဒေဟာ CUPE လုပ်သားတွေကို သပိတ်မှောက်ခြင်းပြစ်မှု ဖြစ်စေခဲ့ပြီး တဦးစီအတွက် ဒဏ်ငွေ ကနေဒါ ဒေါ်လာ ၄ ထောင်အထိ ဆောင်ရမယ်လို့ ဆိုပါတယ်။ 

သမဂ္ဂက လိုအပ်လာရင် တိုက်ဖျက်မယ် ဒါမှမဟုတ် ဒဏ်ကြေးဆောင်မယ် လို့ ပြောထားပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၄ ရက် မနက်ပိုင်းမှာ အလုပ်သမားတွေဟာ အွန်တဲရီယို ပညာရေးဝန်ကြီး Stephen Lecce ရဲ့ ရုံးအပြင်ဖက်နေရာ အပါအဝင် ပြည်နယ်အနှံ့ နေရာအများအပြားမှာ သပိတ်လှိုင်းတွေ စတင်ခဲ့ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up