ဟာရီကိန်း နီကိုးလ်ကြောင့် ဖလော်ရီဒါတွင် လူ ၄ ဦးထက် မနည်း သေဆုံး

ဖလော်ရီဒါပြည်နယ်ကို ဝင်တိုက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း နီကိုးလ်ကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကမ်းခြေဘေးက အိမ်တွေလည်း အတန်းလိုက်ကြီး တရွေ့ရွေ့ ယိမ်းခါ ကျန်ခဲ့ရပြီးတော့ ဖလော်ရီဒါရဲ့ အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက်ရှိ ဟိုတယ်တွေနဲ့ ကွန်ဒိုတွေ ပျက်စီးခဲ့ရပါတယ်။
ဗိုလူးရှားကောင်တီမှာ မုန်တိုင်းက အမျိုးအစား ၁ ဟာရီကိန်းအဖြစ် ကမ်းပေါ်ကို တိုက်ခတ်လာ ပြီးနောက် နာရီပိုင်းအကြာမှာ အဆောက်အအုံတွေဟာ မလုံခြုံတော့ဘူးလို့ ယူဆ လိုက်ပြီးနောက်မှာတော့ ကမ်းခြေရှိ ဟိုတယ်နဲ့ ကွန်ဒိုအခန်း ၂၄ ခုကို ဒေသခံအာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက်က ဒါ့တိုင်ယာနာအပန်းဖြေကမ်းခြေမြို့ရဲ့ ဒရုန်းဗီဒီယိုမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ အိမ်တွေ၊ ရေထိန်းနံရံတွေအပြင် အပျက်အစီးအပုံလိုက်တွေကိုလည်း ပြသခဲ့ပါတယ်။
အောရိန့်ချ်ကောင်တီမှာ မုန်တိုင်း တိုက်ခတ်ပြီးနောက်မှာ လူ ၂ ဦး ဓာတ်လိုက်ခံရလို့ သေဆုံးခဲ့ပြီး ဖလော်ရီဒါရဲ့ ကွေ့ပတ်လမ်းမှာလည်း နောက်ထပ် လူ ၂ ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရ ကြောင်း ပြည်နယ် အဝေးပြေးကင်းလှည့်ကို ကိုးကားပြီး Orlando Sentinel သတင်းစာက ဖော်ပြပါတယ်။
နီကိုးလ်မုန်တိုင်းဟာ တနာရီလျှင် ၇၅ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တာကြောင့် နိုဝင်ဘာ ၁၀ ရက်မှာ ဓာတ်အားလိုင်းတွေ ပြတ်တောက်ခဲ့ပြီး အိမ်ခြေ ၃ သိန်းကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းမှာ နေအိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းပေါင်း ၄၄,၅၀၀ လောက် လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း PowerOutages.us က ဖော်ပြခဲ့ပါတယ်။