အပြာရောင်သင်္ကေတ စာရင်းသွင်းမှု တွစ်တာ ရပ်နား

တွစ်တာ အင်ကော်ပိုရိတ်ဟာ အကောင့်တုတွေ မှိုလိုပေါက်လာခဲ့တာကြောင့် လတ်တလော သူကြော်ငြာထားတဲ့ ၈ ဒေါ်လာတန် အပြာရောင်သင်္ကေတ စာရင်းသွင်းဝန်ဆောင်မှုကို နိုဝင်ဘာ ၁၁ ရက်မှာ ရပ်နားထားလိုက်ပြီး တွစ်တာ ပိုင်ရှင်အသစ် အီလွန်မတ်စ်ဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်း အသုံးပြုသူတချို့ဆီကို "တရားဝင်" တံဆိပ်ကို ပြန်ပေးအပ်ခဲ့ပါတယ်။
မတ်စ်ခ်ရဲ့ Tesla နဲ့ SpaceX အပါအဝင် နာမည်ကြီး ကုမ္ပဏီအမှတ်တံဆိပ်တွေကို ရည်ညွှန်းတဲ့ အကောင့်တုတွေဟာ အပြာရောင်သင်္ကေတနဲ့အတူ ထွက်ပေါ်လာခဲ့ပြီး ကုမ္ပဏီရဲ့ အကောင့်တု ကနေ Tesla နဲ့ပတ်သက်တဲ့ တလွဲအကြောင်းအရာ tweet အများအပြားကိုလည်း ပလက်ဖောင်းပေါ်မှာ ဖြန့်ဝေနေတာပါ။
အယောင်ဆောင်မှုကို တိုက်ဖျက်ဖို့ တချို့အကောင့်တွေကို 'Official' စာသားတံဆိပ် ပေါင်းထည့်ပေးထားကြောင်း တွစ်တာရဲ့ ပံ့ပိုးကူညီမှုအကောင့်မှာ ပို့စ်တင်ထားပါတယ်။
'Official' စာသားတံဆိပ်ကို အစောပိုင်းက ဗုဒ္ဓဟူးနေ့မှာ စတင်မိတ်ဆက်ခဲ့ပေမယ့် နာရီပိုင်း အကြာမှာပဲ မတ်စ်ခ် က ပြန်ဖျက်ချခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက်မှာ အပြာရောင်သင်္ကေတ အတည်ပြုချက် စာရင်းသွင်းအမှတ်အသားအတွက် ရွေးချယ်မှုအသစ်က ပျောက်ကွယ်သွားကြောင်း သုံးစွဲသူအများအပြားက အစီရင်ခံကြပါတယ်။
သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောပြနေချိန်မှာပဲ အဲဒီကမ်းလှမ်းထားမှုက ပျောက်သွားကြောင်း ပြောပြပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို Twitter က အကြောင်းပြန်ခြင်း မရှိပါဘူး။
နိုဝင်ဘာ ၁၀ ရက်က မတ်စ်ခ်က ကုမ္ပဏီတခုလုံးကိုပေးပို့တဲ့ သူ့ရဲ့ပထမဆုံး အီးမေးလ်ထဲမှာ ကျဆင်းသွားတဲ့ ကြော်ငြာဝင်ငွေကို ထေမိစေဖို့အတွက် စာရင်းသွင်းဝင်ငွေကို တိုးအောင် မလုပ်နိုင်ဘူးဆိုရင် လာမယ့်စီးပွားရေးကျဆင်းမှုကို ဆက်ရှင်သန်နိုင်မှာ မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။
မတ်စ်ခ်ဟာ ဒေါ်လာ ၄၄ ဘီလီယံတန် တွစ်တာကို ကို ၀ယ်ယူပြီးသွားကတည်းက ဝန်ထမ်းအင်အား ထက်ဝက်နီးပါးကို အလုပ်ထုတ်ခဲ့ပြီး သူ့ရဲ့ဘုတ်အဖွဲ့နဲ့ အကြီးတန်း အမှုဆောင်တွေကိုလည်း ဖယ်ရှားခဲ့ပြီးတော့ တွစ်တာရဲ့ ဒေဝါလီခံရမယ့် အလားအလာကို မြှင့်တင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်က တွစ်တာကို “နက်နက်နဲနဲ စိုးရိမ်မှု” နဲ့ စောင့်ကြည့်နေကြောင်း နိုဝင်ဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။