close

မိုးကောင်းတွင် ပြည်သူ့စစ်စခန်းလုံခြုံရေးအတွက် ဒေသခံများကို အဓမ္မကင်းစောင့်ခိုင်း

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က ပြည်သူတွေကို လုံခြုံရေးအကြောင်းပြ အတင်းအဓမ္မ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထုံးရေပေါက်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်း လုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့စစ်စခန်း ဝင်ပေါက်တွေမှာ ဒေသခံပြည်သူတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေတာလို့ ဆိုပါတယ်။

"ပြည်သူ့စစ်တပ်စခန်းမှာ ရွာထဲကသူတွေ အလှည့်ကျ ကင်းစောင့်ပေးရတယ်။ ရပ်ရွာလုံခြုံရေးဆိုပြီး သူတို့ စခန်းဝင်ပေါက်  နှစ်ခုမှာ သုံးဦးစီ အလှည့်ကျကင်းစောင့်ပေးရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးစစ်အောင် ခေါင်းဆောင်တဲ့ တပ်ဖွဲ့ဟာ သူတို့စခန်းကို လုံခြုံရေးအကြောင်းပြပြီး အရပ်သား ‌ဒေသခံ အမျိုးသားတွေသာမက အမျိုးသမီးတွေကိုလည်း ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် ယောက်ျားသား မရှိတဲ့ အိမ်တွေဆို အမျိုးသမီးတွေပါ ကင်းစောင့်ရတယ်။  ကင်းစောင့် မလိုက်ရင် ဒဏ်ကြေးကောက်မယ်ဆိုတော့ သွားစောင့်ရတာပေါ့။" 

ထုံးရေပေါက်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး နေအိမ် ခြောက်အိမ်မှ ဆယ်အိမ်ကို တဦးနှုန်းနဲ့ သြဂုတ်လမှစတင်ကာ ပြည်သူ့စစ်စခန်းမှာ အတင်းအဓမ္မ  ကင်းစောင့်ခိုင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up