close

မင်္ဂလာဒုံ ရပ်ကွက်ငါးခု အိမ်ထောင်စု ၁ သောင်းဝန်းကျင်ကို စစ်တပ်က တပတ်အတွင်းပြောင်းခိုင်း

စစ်ကောင်စီတပ်က ဖျက်သိမ်းရန် စာထုတ်ထားသည့် ပျဥ်းမပင်ကျေးရွာအုပ်စု မြဝတီရပ်ကွက်။

မင်္ဂလာဒုံမြို့နယ်က ပျဥ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီ စတဲ့ရပ်ကွက်ငါးခုက အိမ်ထောင်စု ၁ သောင်း​လောက်ကို စစ်ကောင်စီက  နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပြောင်းရွှေ့ဖို့ ဖိအားပေးလာတယ်လို့ နေထိုင်သူတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင် စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧကခန့် မြေပေါ်မှာရှိတဲ့ ခွင့်ပြုမဲ့ အဆောက်အအုံတွေအားလုံးကို နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးဖယ်ရှားဖျက်သိမ်းဖို့နဲ့ ဖယ်ရှားခြင်းမရှိပါက ဥပဒေအရအရေးယူမယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၁၁ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တပ်မြို့စည်ပင်သာယာရေးအဖွဲ့က လူအင်အား ၅၀ နီးပါးဟာ ပျဥ်းမပင်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ရပ်ကွက်ငါးခုကို အသံချဲ့စက်နဲ့အော်ကာ ပြောင်းရွှေ့ဖို့စာတွေ အိမ်တွေကို လိုက်ပေးခဲ့တယ်လို့ မြဝတီရပ်ကွက်မှာနေထိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စာလာပေးတော့ စိတ်မကောင်းလို့ ငိုချပစ်လိုက်တယ်၊ ကယ်မယ့်သူမရှိတော့ဘူးလေ။ မိဘတွေဆီက အမွေရတဲ့မြေကွက်လေး အခုဖျက်ရမယ်ဆိုတော့ ပြောပြလို့တောင်မရဘူး၊ မြဝတီရပ်ကွက်မှာ အိမ်ထောင်စု နှစ်ထောင်နီးပါးရှိတယ််” 

ပျဥ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီ စ တဲ့ရပ်ကွက်ငါးခုက မြေဟာ စစ်ကောင်စီပိုင်မြေမဟုတ်ဘဲ ဥယျာဥ်မြေများဖြစ်ပြီး ဘိုးဘွားပိုင်မြေတွေဖြစ်သလို လူဉီးရေ ၅ သောင်းကျော်နေထိုင်တယ်လို့ ဓမ္မပါလရပ်ကွက်နေသူ‌တဦး ဒီဗွီဘီကို ပြောပါတယ်။

“နေလာတာ နှစ်ပေါင်း၂၀ ရှိပြီ၊ တပ်ပိုင်မြေဆို အရင်ကတည်းက ဖျက်လေဗျာ။ တိုက်ဆောက်တာတောင် ၁၀ နှစ်ရှိပြီ၊ အဲဒီတုန်းက လာတားလေ၊ ဘိုးဘွားပိုင်မြေလည်း စစ်တပ်က အာဏာသိမ်းတော့ တပ်ပိုင်မြေဖြစ်သွားရော။”

စစ်ကောင်စီတပ်က တပ်ပိုင်မြေဆိုပြီး သိမ်းယူဖို့လုပ်နေတဲ့ အဆိုပါရပ်ကွက်ငါးခုမှာ စက်ရုံ အလုပ်ရုံ လုပ်ကိုင်သူတွေ၊ ဈေးရောင်းချသူတွေနဲ့ ကျပန်းလုပ်ကိုင်သူတွေ နေထိုင်ပြီး နေအိမ်တွေ ဖျက်သိမ်းရမှာဖြစ်လို့ ကျောတခင်းစာနေရာအတွက် အခက်အခဲဖြစ်နေတယ်လို့ နေထိုင်သူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up