close

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တမူး PDF ရဲဘော် ၁ ဦးကျဆုံး

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့တွင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်‌တွေ စစ်ဆေးရေးလုပ်နေတဲ့ နေရာဘက်ကို နိုဝင်ဘာ ၁၄ ရက်‌က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့လို့ တမူး PDF ရဲဘော် ၁ ဦးကျဆုံးသွားပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် မိမိတို့ တပ်ဖွဲ့ဝင်တွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ တမူး PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က ပကဖတပ်ရင်းက ရဲဘော်တယောက် လက်နက်ကြီးထိမှန် ကျဆုံးသွားတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေ ကျဆုံးတာတော့ မရှိဘူး။ အနီးကပ်တိုက်ပွဲတော့ မဟုတ်ဘူး။ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်ကြတာ။ သူတို့ဘက်က ကျနော်တို့ကို ကြားညှပ်ပစ်သလို ဖြစ်သွားတာပေါ့။ သူတို့တွေနေထိုင်တဲ့ တပ်ကုန်း၊ ၄ မိုင် စစ်ဆေးရေးဂိတ်နဲ့ မြေနီကုန်းက ပျူစောထီးတွေ စုပေါင်းပြီး ပစ်ခတ်ခဲ့ကြတာ။ သူတို့တွေ လက်နက်သယ်ယူဖို့ လမ်းရှင်းဖို့အတွက် လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်တာ။ သူတို့ဘက်ကို လက်နက်ကြီး ပြန်‌ပစ်ခဲ့ပေမဲ့ သူတို့ဘက်က ထိခိုက်ကျဆုံးတဲ့ အခြေအနေတော့ မသိရဘူး။”

အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီကြဖို့လည်း တမူး PDF က မေတ္တာရပ်ခံထားပါတယ်။

တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏရှိပြီး စစ်‌ကောင်စီက တမူးမြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ၈ လကျော် ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။

တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ဇွန်လကုန်အထိ အရပ်သားပြည်သူ ၁၉ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၆ ဦးထက်မနည်း ရှိလာကာ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေလည်း ၁၉ လုံးထက်မနည်း ရှိလာပြီလို့ ကူကီးကျောင်းသားလူငယ် အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up