close

ချင်းမိုင်တွင် မြန်မာအလုပ်သမား အမျိုးသမီး ၁ ဦး တံတားပေါ်မှခုန်ချပြီး အဆုံးစီရင်ရန်ကြိုးပမ်း

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဒွိုင်စကစ်မြို့ထဲမှာ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက မြန်မာနိုင်ငံသား ရှမ်းရွှေ့ပြောင်းအလုပ်သမ ၁ ဦး တံတားပေါ်ကနေခုန်ချပြီး မိမိကိုယ်မိမိ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တယ်လို့  ThaiPBS သတင်းမှာ ဖော်ပြပါတယ်။ 

မနေ့မနက် ၈ နာရီ ၅၀ မိနစ်လောက်က အမျိုးသမီး ၁ ဦးဟာ ဒွိုင်စကစ်မြို့ တလတ်ခွမ်ရပ်ကွက် ဘော်ဟင်ဈေးအနီး ချင်းမိုင်-ဒွိုင်စကစ်သွား ကားလမ်းမကြီးပေါ်ရှိ  လူကူးခုံးကျော်တံတားပေါ်ကနေ ခုန်ချဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။ 

အဆိုပါတံတားမှာ အမြင့် ၅ မီတာကျော်ရှိပြီး အနီးနားတဝိုက်မှာ ရဲတွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေက ထိတ်လန့်စိုးရိမ်စွာ စောင့်ကြည့်နေကြပါတယ်။ 

သူမအနီးမှာ တာဝန်သိပြည်သူ အမျိုးသမီး ၁ ဦးက သွားရောက်ပြီး ချော့မော့မေးမြန်းရာမှာ အိမ်တွင်းရေးပြဿနာကြောင့် ထွက်ပေါက်ရှာမရလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မလို့လို့ ပြောပါတယ်။ အမျိုးသမီးက သူမကို အတန်ကြာ ဖျောင်းဖျခဲ့ပြီး နောက်ဆုံးမှာ စိတ်ပြေလျော့ကာ တံတားပေါ်ကနေ အသာတကြည် လိုက်ဆင်းလေခဲ့ပါတယ်။ 

သူ့ကို အိမ်ခန်းပြန်ပို့ပေးရာမှာတော့ သူမရဲ့ သမီးလေးနဲ့ တူမတို့က စိတ်ပူစွာ စောင့်ဆိုင်းနေကြောင်း၊ အဲဒီနောက် သူမရဲ့ကျန်းမာရေးကို စစ်ဆေးပေးဖို့ ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာပြည်မှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေလို့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လုပ်ကိုင်နေကြပေမယ့် အချို့အလုပ်သမားတွေဟာ အဆင်မပြေဘဲ ခုလို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေ ရှိနေပါတယ်။ 

လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ကလည်း ဘန်ကောက်ရောက် မြန်မာအလုပ်သမား ၁ ဦး အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်ပြန်ဖို့ စရိတ်လည်းမရှိတာကြောင့် ခုံးကျော်တံတားပေါ်က ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးပြီး ရဲတွေက ချော့မော့ဖျောင်းဖျကာ လ.ဝ.က ရဲလက်အပ် နေရပ်ပြန်ပို့ပေးခဲ့ရပါတယ်။

ကိုးကား - ThaiPBS North

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up