close

ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ရေပန်းစားအသင်းများ – အင်္ဂလန်

စောင့်ကြည့်ရမယ့် အင်္ဂလန်အသင်းရဲ့ တိုက်စစ်

လက်ရှိ ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ် ၅ နေရာမှာ ရှိနေတဲ့ အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတိုင်းမှာ ရေပန်းစားခဲ့သလို တဖက်အသင်းတွေရဲ့ စောင့်ကြည့်တာကိုလည်း အမြဲလိုလို ခံခဲ့ရပါတယ်။ အဲဒီလိုဖြစ်လောက်အောင်လည်း အင်္ဂလန်အသင်း အဆက်ဆက်ဟာ ရွှေရောင်ဘောလုံးမျိုးဆက် ကစားသမားကောင်းတွေ ပိုင်ဆိုင်ခဲ့တာပါ။

ဒါပေမဲ့လည်း အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတိုင်းမှာ အသင်းတိုင်းက အလေးထားပြီး အထင်ကြီးခဲ့ပေမဲ့ အောင်မြင်မှုအပိုင်းမှာတော့ ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။ ကမ္ဘာ့ဖလား ချန်ပီယံအဖြစ် ၁၉၆၆ ခုနှစ်မှာ တကြိမ်ပဲ ဆွတ်ခူးနိုင်ခဲ့ပြီး အဲ့ဒါကလည်း အိမ်ရှင်အဖြစ် ကျင်းပတဲ့နှစ် ဖြစ်ပါတယ်။ ဥရောပဖလားပြိုင်ပွဲမှာတော့ တကြိမ်မှ ချန်ပီယံမဖြစ်သေးဘဲ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ပြီး ဒုတိယဆု ရခဲ့တာပဲ ရှိပါတယ်။

နည်းပြ ဆောက်ဂိတ်လက်ထက် အင်္ဂလန်အသင်းဟာ အစောပိုင်းကာလတွေမှာ ကစားသမားစုဖွဲ့မှုကောင်းကောင်းနဲ့ ပရိသတ်အကြိုက် ရလဒ်တွေ ထွက်ပေါ်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ပါတယ်။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်တွေ ယှဉ်ပြိုင်ခဲ့ရာမှာလည်း အင်္ဂလန်အသင်းဟာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီး အုပ်စုတွင်း ရှုံးပွဲမရှိဘဲ ၈ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်နဲ့ ပိုလန်၊ ဟန်ဂေရီတို့ကို ကျော်ဖြတ်ကာ အုပ်စုပထမနေရာကနေ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့တာပါ။ အဲဒီပွဲစဉ်တွေမှာ တိုက်စစ်က ၃၉ ဂိုးရခဲ့ပြီး ပေးဂိုး ၃ ဂိုးပဲရှိခဲ့တဲ့အထိ တိုက်စစ်၊ ခံစစ် ကောင်းမွန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာတော့ အင်္ဂလန်အသင်းဟာ မယုံနိုင်လောက်အောင် ရလဒ်တွေ ဆိုးရွားခဲ့ပြီး အုပ်စုတွင်း တပွဲမှ အနိုင်မရခဲ့ဘဲ ၃ ပွဲသရေ၊ ၃ ပွဲရှုံးရလဒ်နဲ့ အီတလီ၊ ဟန်ဂေရီ၊ ဂျာမနီတို့ရဲ့နောက် အုပ်စုအောက်ဆုံးမှာပဲ ရပ်တည်နိုင်ခဲ့ပြီး အုပ်စုဘီကို တန်းဆင်းသွားပါတယ်။ ဒါကြောင့်လည်း နည်းပြ ဆောက်ဂိတ်အတွက် ကာတာကမ္ဘာ့ဖလားပွဲဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပြီး ရလဒ်ကောင်း မယူနိုင်ခဲ့ရင် နည်းပြဘဝက ထုတ်ပယ်ခံရဖို့အထိ ဖြစ်လာနိုင်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာမှ အသင်းရဲ့ အဓိက ကစားသမားတချို့ ဒဏ်ရာပြဿနာတွေ ရခဲ့တာကလည်း နည်းပြ ဆောက်ဂိတ်အတွက် ခေါင်းကိုက်စရာ ဖြစ်နေပါတယ်။ သူယုံယုံကြည်ကြည်နဲ့ အသုံးပြုနေတဲ့ နောက်ခံလူ မက်ဂွိုင်းယား ကလပ်အသင်းမှာ ခြေစွမ်းပျောက်ပြီး ပုံမှန်နေရာမရ ဖြစ်နေတာ၊ ရစ္စီဂျိမ်းနဲ့ ဘင်ချီဝဲလ်တို့ ဒဏ်ရာရနေတာ၊ တိုက်စစ်မှာ ဟယ်ရီကိန်းကိုပဲ အားကိုးနေရတာတွေဟာ ဆောက်ဂိတ်ဖြေရှင်းရမယ့် အခက်အခဲတွေ ဖြစ်နေပါတယ်။ အခုလက်ရှိ ရွေးချယ်ထားတဲ့ လူစာရင်း အခြေအနေအရ အင်္ဂလန်အသင်းဟာ တောင်ပံတိုက်စစ်တွေကတဆင့် တဖက်အသင်းကို ဖိအားပေးပြီး ဂိုးရယူနိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စု ဘီမှာ အမေရိကန်၊ ဝေးလ်စ်၊ အီရန်တို့နဲ့ အတူကျရောက်နေပြီး နိုဝင်ဘာ ၂၁ ရက်မှာ အဖွင့်ပွဲစဉ်အဖြစ် အီရန်၊ နိုဝင်ဘာ ၂၅ ရက်မှာ အမေရိကန်၊ နိုဝင်ဘာ ၂၉ ရက်မှာ ဝေးလ်စ်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိအနေအထား၊ အဆင့်အရ ဆိုရင်တော့ အင်္ဂလန်အသင်းဟာ အုပ်စုကို သေချာပေါက် ဖြတ်ကျော်နိုင်မယ်လို့ ယူဆရမှာပါ။ ပွဲစဉ်ဇယားအရ အင်္ဂလန်အသင်းဟာ အုပ်စုပထမနဲ့ ကျော်ဖြတ်နိုင်မယ်ဆိုရင် အနိမ့်ဆုံး ကွာတားဖိုင်နယ်အဆင့်ကို ရောက်နိုင်တယ်လို့ ယေဘုယျ သုံးသပ်လို့ရပါတယ်။ ဟယ်ရီကိန်း ဦးဆောင်လာမယ့် အင်္ဂလန်အသင်းရဲ့ တိုက်စစ်နဲ့ ပရိသတ်တွေ မျှော်လင့်သလို အောင်ပွဲရပြီး ကမ္ဘာ့ဖလားမှာ အင်္ဂလန် ဘင်သံ သောသောညံသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း

ဂိုး - ပစ်ဖို့ (အဲဗာတန်)၊ နစ်ပုပ် (နယူးကာဆယ်)၊ ရမ်းစ်ဒေးလ် (အာဆင်နယ်)

နောက်တန်း - အလက်ဇန်းဒါးအာနိုး (လီဗာပူး)၊ ကိုအာဒီ (အဲဗာတန်)၊ ဒိုင်ယာ (တော့တင်ဟမ်ဟော့စပါး)၊ မက်ဂွိုင်းယား (မန်ယူ)၊ လုခ်ရှော (မန်ယူ)၊ ဂျွန်စတုန်း (မန်စီးတီး)၊ ထရစ်ပီယာ (နယူးကာဆယ်)၊ ဝေါ်လ်ကာ (မန်စီးတီး)၊ ဘန်ဝှိုက် (အာဆင်နယ်)

အလယ်တန်း - ဘယ်လင်ဟမ် (ဒေါ့မွန်)၊ ဂယ်လက်ဟာ (ချဲလ်ဆီး)၊ ဟန်ဒါဆန် (လီဗာပူး)၊ မေဆင်မောင့် (ချဲလ်ဆီး)၊ ကယ်ဗင်ဖိလစ် (မန်စီးတီး)၊ ဒက်ကလန်ရိုက်စ် (ဝက်စ်ဟမ်း)၊ ဂျိမ်းစ် မက်ဒီဆန် (လက်စတာ)၊ ဖိုဒန် (မန်စီးတီး)

‌ရှေ့တန်း - ဝီလ်ဆန် (နယူးကာဆယ်)၊ ဂရီးလစ်ရှ် (မန်စီးတီး)၊ ဟယ်ရီကိန်း (တော့တင်ဟမ်ဟော့စပါး)၊ ရက်ရှ်ဖို့ဒ် (မန်ယူ)၊ ဆာကာ (အာဆင်နယ်)၊ စတာလင် (ချဲလ်ဆီး)

မောင်လူစိမ်း

Photo-EnglandFA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up