close

အဘိုးမသေခင်ပေးခဲ့သည့်ဂဏန်းဖြင့် ထီထိုးသည့် ထိုင်းအမျိုးသမီး ထီပေါက်ပြီး ဘတ်ငွေ ၅၄ သန်းရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ လုပ်ပူရီမြို့က ဆောက်လုပ်ရေးကန်ထရိုက်တာ အမျိုးသမီးတဦးဟာ သူ့အဘိုး မကွယ်လွန်ခင်က ပေးသွားခဲ့တဲ့ ဂဏန်းနဲ့ ထီထိုးရာမှာ ပထမဆု ၉ စောင်ပေါက်ပြီး ဆုငွေ ထိုင်းဘတ် ၅၄ သန်း ဆုကြေး ရရှိသွားပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ နန်းဆီရိဒေါင်းဟာ သူ့အဘိုး ပြီးခဲ့တဲ့ အောက်တိုဘာလက ကွယ်လွန်သွားခဲ့ပြီး  မဆုံးခင်ကတော့ ထီပေါက်နံပါတ် ဘယ်လောက်လဲလို့ မေးလိုက်တိုင်း အဖိုးက ၇၈၉ လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနံပတ်ပါဂဏန်းကို အရင်က ၃ ကြိမ်ဆက်တိုက်ထိုးခဲ့ရာ မပေါက်ဘဲ ဒီ ၄ ကြိမ်မြောက်မှာမှ ပေါက်သွားကြောင်း၊ ပထဆုနံပါတ်ကို ထီဆိုင်ကနေ ၈ စောင်ဝယ်ခဲ့ပြီး ထီရောင်းနေတဲ့ ညီမတယောက်ကလည်း  အဆိုပါနံပတ်ရှိလို့ နောက်တစောင် ထပ်ဝယ်လိုက်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၆ ရက် ထီဖွင့်တော့ သူ့အနေနဲ့ ထီပေါက်စဉ်တိုက်ဖို့ မအားသေးခင် ထီဆိုင်က ပထမဆု ၈ စောင်လုံးပေါက်တယ်၊ ဆုငွေ ၄၈ သန်းရမယ်လို့ အကြောင်းကြားလာလို့ ဝမ်းသာစွာနဲ့ ဖခင်နဲ့ ခင်ပွန်းကို ပြောလိုက်ကြောင်း၊ အဲဒီနောက် ညီမဝမ်းကွဲဆီက ဝယ်ထားတဲ့ လက်မှတ်ကို ထပ်တိုက်ကြည့်ရာ အဲဒါလည်း ပထမဆုပေါက်လို့ စုစုပေါင်း ဘတ် ၅၄ သန်း ရသွားတာလို့ ဆိုပါတယ်။

သတင်းထောက်က အကျိုးအကြောင်းမေးဖို့ သူတို့အိမ်ကို လိုက်သွားရာ အိမ်ရှေ့မှာ အလှူကြီးပေးပြီး ဧည့်ခံကျွေးမွေးဖို့ မဏ္ဍပ်တွေဆောက်နေကြောင်း၊ ထီပေါက်သူ နန်းဆီရိဒေါင်းကတော့ ဝမ်းသာလွန်းလို့ ခြေမကိုင်မိ လက်မကိုင်မိ ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်လို့ ပြောပါတယ်။

အဆိုပါ ဂဏန်းနံပါတ် ၇၈၉ မှာ မြန်မာပြည်က မိုင်းဖုံးဆရာတော် ပြီးခဲ့တဲ့ လကုန်နဲ့ ဒီလဆန်းပိုင်း ရှမ်းပြည်တခွင် သာသနာပြုခရီးစဉ်မှာ စီးနင်းခဲ့တဲ့ ကားနံပါတ်ဖြစ်ပြီး ယုံကြည်သူတချို့လည်း နောက်ဂဏန်း ၃ လုံးတူ ပေါက်ကြတယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up