close

ဘားအံမြို့နယ်၌ BGF အဖွဲ့ ပစ်ခတ်မှုကြောင့် ရွာသား ၄ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိကရင်ကျေးရွာမှာ တိုက်ပွဲတွေမရှိဘဲ BGF တပ်က ပစ်ခတ်မှုကြောင့် မိကရင်ရွာနဲ့ ကော့ဖျံရွာကြားမှာ ရွာသား ၄ ဦး လက်နက်ထိမှန် သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပစ်တာက နိုဝင်ဘာ ၁၇ ရက် ညနေ ၅ နာရီလောက် ရှိပါမယ်။ သေဆုံးသူတွေထဲမှာ မိန်းကလေးငယ် အပါအဝင် ၃ ဦးက ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကျန်တဦးက ဆေးရုံကိုရောက်မှ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တယ်။”

အခုဖြစ်ပွားတဲ့ရွာတွေဟာ တောင်တလုံးလောက်ခြားနေတဲ့ ရွာတွေဖြစ်ပြီး ဘာတိုက်ပွဲမှလည်း မရှိ၊ ရန်သူတွေလည်း ဒီမှာမရှိဘဲနဲ့ အခုလိုပစ်ခဲ့လို့ ပြည်သူတွေ သေဆုံးခဲ့တဲ့အတွက် BGF ခေါင်းဆောင်ပိုင်းတွေမှာ တာဝန်ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို BGF က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုနေတဲ့အပေါ် ဒီဗွီဘီက သီးခြား အတည်ပြုချက်ရယူဖို့ ဆက်သွယ်ကြိုးစားပေမဲ့ မရသေးပါဘူး။

BGF နယ်ခြားစောင့်တပ်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းထားပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ် စစ်ရေးတင်းမာနေတဲ့အချိန်မှာ BGF က စစ်ကောင်စီဘက်ကနေ ရပ်တည်ပြီး စစ်ရေးအကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။

BGF ထိပ်ပိုင်းက အရာရှိတွေဟာ ကရင်လူမျိုးတွေဖြစ်ပေမဲ့ အခုဖြစ်တဲ့ ဖြစ်စဥ်တွေကို သုံးသပ်ကြည့်ရင် ကိုယ့်လူမျိုးအချင်းချင်း မကြည့်ဘဲ စစ်ကောင်စီတပ်နဲ့ BGF ရဲ့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မွန်နဲ့ ကရင်ပြည်နယ်တွေမှာ BGF နဲ့  စစ်ကောင်စီတပ်တွေ ပူးပေါင်းပြီး စစ်အင်အားတွေ တိုးချဲ့လာနေတဲ့အပေါ်မှာ တိုက်ပွဲတွေ ထပ်မံပြင်းထန်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up