close

တနင်္သာရီမြို့နယ် ထုံတော်တိုက်ပွဲတွင် PDF ဒု-တပ်စိတ်မှူး ၂ ဦး ကျဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ထုံတော်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ် တပ်စိတ်မှူးနှစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်-၂ တပ်ရင်းက နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၆ ရက် မနက် ၉ နာရီလောက်မှာ မြိတ်ခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၁၊ ဘက်မလိုက် ပြောက်ကျား၊ SWDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ရင်း ၅၆၁ စခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူတဦးက “တိုက်ပွဲထဲမှာ လက်နက်ကြီး မတော်တဆဖြစ်ပြီး ဖြစ်သွားတာ။ စ(--)တပ်ထဲကို လက်နက်ကြီးနဲ့ပြန်ထုရင်း ပြောင်းထဲကွဲပြီး ထိသွားတာပါ” လို့  ပြောပါတယ်။

တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုနဲ့ ပေးအပ်တဲ့ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားတဲ့ ဒု-တပ်စိတ်မှူး ပျံလွှား (P2-3402010) နဲ့ ဒု-တပ်စိတ်မှူး လူတော် (P2-3402136) တို့ကို တပ်ရင်းက အလွန်အမင်း လေးစားဂုဏ်ယူပါကြောင်းနဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလအတွင်း တနင်္သာရီမြို့နယ်မှာ တိုက်ပွဲ‌‌တွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာ အနီးရှိ အနည်းဆုံးကျေးရွာ ၁၀ ရွာက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေေတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကလည်း တနင်္သာရီမြို့နယ် မော်တုန်းနဲ့ ဗောဓိကမ်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တနေ့တည်း တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က ၉ ဦးသေ၊ ၆ ဦးဒဏ်ရာရရှိခဲ့သလို ပြည်သူတဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up