close

အာဆီယံအထူးကိုယ်စားလှယ် မြန်မာသို့ တတိယအကြိမ် လာမည်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဟာ လာမယ့် သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက်ဖို့ ရှိနေပြီး ဒီခရီးစဉ်မှာ မြန်မာနိုင်ငံကို ပုံမှန်အခြေအနေအတိုင်း ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေး ထပ်မံကြိုးပမ်းသွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အကျဉ်းသား ၅၇၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ကြိုဆိုကြောင်းလည်း ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ပရက်ဆော့ခွန်းက ပြောပါတယ်။

ခုလိုလွှတ်ပေးလိုက်တာက လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းတဲ့ အဖြေကို ရှာဖွေနိုင်ဖို့အတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ဖို့ ပွင့်လင်းကောင်းမွန်လာတဲ့ လက္ခဏာတရပ်လည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးကနေ ပြန်လွှတ်ပေးခဲ့သူတွေထဲမှာတော့ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်လ်၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာစတဲ့သူတွေပါဝင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အတော်များများကတော့ လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

ပထမအကြိမ်နဲ့  ဒုတိယ တရားဝင်ခရီးစဉ်တွေမှာ အာဆီယံ အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတာကို  စစ်ကောင်စီက ငြင်းပယ်ခဲ့ပြီး အခုလာမယ့် တတိယအကြိမ်မှာလည်း တွေ့ ဆုံခွင့်ရမယ် မရဘူးဆိုတာ မသိရသေးပါဘူး။

အာဆီယံအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းတိုင်းမှာ လက်ရှိအမှုတွေ ရင်ဆိုင်နေရတာကို အကြောင်းပြပြီး  စစ်ကောင်စီက ငြင်းပယ်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ တောင်းဆိုတာကို အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ငြင်းဆိုခဲ့ပြီး နောက်အကြိမ်တွေမှာတော့ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လို့ ဖြေကြားခဲ့ပါတယ်။

အခုချိန်မှာ စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က သီးသန့်အကျဉ်းထောင်မှာ ပို့ဆောင်ပြီး တယောက်တည်း အကျဉ်းချထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up