ကမ္ဘာ့ဖလားအုပ်စုများ လေ့လာသုံးသပ်ချက် (အုပ်စု G)

ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ရ ဘရာဇီးနဲ့အတူ ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရနေကျ ကင်မရွန်း၊ ဥရောပတိုက်က ဖျက်မြင်းနှစ်သင်းဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ ဆားဘီးယားတို့ ပါဝင်နေလို့ အုပ်စု G ဟာလည်း စိတ်ဝင်စားစရာကောင်းပြီး အကြိတ်အနယ်ပွဲစဉ်တွေ ဖြစ်လာဖို့ရှိတယ်။
ဘရာဇီး
ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဘရာဇီးအသင်းဟာ ချန်ပီယံ ၅ ကြိမ်ရရှိထားတဲ့ တသင်းတည်းသော အသင်းပါပဲ။ ဒါပေမဲ့ ၂၀၀၂ ခုနှစ်ပြိုင်ပွဲနောက်ပိုင်း ပြိုင်ပွဲ ၄ ကြိမ်မှာ စတုတ္ထတကြိမ်နဲ့ ကွာတားဖိုင်နယ်ကို သုံးကြိမ်တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲနဲ့ဝေးကွာနေတာ နှစ်ပေါင်း ၂၀ လောက်ကြာပြီလို့ ဆိုရပါမယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ဘရာဇီးဟာ ၁၉၈၂ ခုနှစ်ကစပြီး ပြိုင်ပွဲတိုင်းမှာ အုပ်စုပထမနေရာကနေပဲ နောက်တဆင့်တက်ရောက်ခဲ့တဲ့အသင်း ဖြစ်တယ်။ ဘရာဇီးအသင်း အုပ်စုအဆင့်ကနေ နောက်ဆုံးအကြိမ် ထွက်ခွာခဲ့ရတာက အင်္ဂလန်က အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၁၉၆၆ ခုနှစ်ပြိုင်ပွဲတကြိမ်သာ ရှိခဲ့ဖူးတယ်။ အခုနှစ်ပြိုင်ပွဲ လူစာရင်းဟာ နေရာစုံမှာ တောင့်တင်းမှုရှိနေပြီး နည်းပြ တက်တီအတွက် ခေါင်းခဲစရာတောင် ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ခြေစစ်ပွဲစဉ်တွေတုန်းကအတိုင်းပဲ ပွဲထွက်ဖို့ရှိပြီး ဗင်နီဆီးယက်စ်၊ နေမာနဲ့ ရာဖင်ညာတို့ရဲ့ ကွင်းလယ်တိုက်စစ်နဲ့အတူ ရစ်ချာလီဆန်ကို အထောင်တိုက်စစ်မှူးနေရာ ထားပြီးတော့ပဲ ပွဲထွက်ဖွယ်ရှိတယ်။ အုပ်စုတွင်း ပြိုင်ဘက်တွေရဲ့ ခြေစွမ်းကြောင့် ဘရာဇီးတို့ အမှားလုပ်လို့တော့ မရပေမဲ့ လိုအပ်တဲ့ အနိုင်ရလဒ်တွေရယူပြီး အုပ်စုပထမနဲ့ပဲ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားဖို့ရှိပါတယ်။
ဆားဘီးယား
ဘရာဇီးအသင်းကို အုပ်စုပထမနေရာ ပေးထားလိုက်ရင် ဒုတိယနေရာအတွက်က လက်ကျန်သုံးသင်း အပြိုင်အဆိုင် လုသွားရမှာပါ။ ဆားဘီးယားဟာ အစဉ်အလာအရကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်မှာ ၃ ကြိမ်စလုံး အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတဲ့အသင်း ဖြစ်တယ်။ အရင်က ယူဂိုဆလားဗီးယားနိုင်ငံအနေနဲ့ စတုတ္ထအထိ ရခဲ့ဖူးပေမဲ့ ဆားဘီးယားအမည်နဲ့ ခွဲထွက်ယှဉ်ပြိုင်ခဲ့တဲ့ ရလဒ်တွေက အားရစရာ မကောင်းပါဘူး။ ဒီနှစ်ပြိုင်ပွဲမှာတော့ ဆားဘီးယားအသင်းရဲ့ စုဖွဲ့မှုက ဖျက်မြင်းအဆင့်မှာရှိနေပြီး ပထမဆုံးအကြိမ် အုပ်စုအဆင့်ကို ကျော်လွန်ဖို့ အားထုတ်လာဖွယ်ရှိတယ်။ မီထရိုဗစ်၊ တာဒစ်၊ ဗလာဟိုဗစ်၊ ယိုဗစ် တို့ရဲ့ တိုက်စစ်စုဖွဲ့မှုက အဆင့်တခုမှာရှိနေပြီး မီလန်ကိုဗစ် ဦးဆောင်မယ့် ကွင်းလယ်ကလည်း ပြိုင်ဘက်တွေကို ယှဉ်နိုင်ဖို့ရှိတယ်။ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမှာက ပြိုင်ပွဲအတွေ့အကြုံများပြီး အင်အားကြီးအသင်းတွေဖြစ်လို့ အုပ်စုတက်ဖို့ သေသေကြေကြေ ရုန်းသွားရဖို့ ရှိပါတယ်။
ဆွစ်ဇာလန်
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ဆွစ်ဇာလန်ဟာ ဆားဘီးယားထက် ရာခိုင်နှုန်းအနည်းငယ်အသာနဲ့ နောက်တဆင့်တက်ဖို့ ရေပန်းစားတဲ့အသင်းအဖြစ် သတ်မှတ်ခံထားရတယ်။ နောက်ပိုင်းမှာယှဉ်ပြိုင်ခဲ့တဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ အုပ်စုအဆင့်ကို ကျော်လွန်ခဲ့တဲ့အသင်း ဆိုပေမဲ့ အခုနှစ်ပြိုင်ပွဲမှာတော့ ရုန်းကန်ရဖို့ရှိတယ်။ ဆွစ်ဇာလန်ရဲ့ ကစားသမားအင်အားကို ကြည့်မယ်ဆိုရင် အမ်ဘိုလို၊ ဆီဖာရိုဗစ်နဲ့ လူငယ်တိုက်စစ်မှူး အိုကာဖောတို့ရဲ့ တိုက်စစ်စုဖွဲ့မှုက ဘရာဇီး၊ ဆားဘီးယားနဲ့ ကင်မရွန်းကို ယှဉ်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနိုင်တယ်။ ခံစစ်ပိုင်းက ဖေဘီယန်ရှား၊ အကန်ဂျီ၊ ဝစ်ဒ်မာနဲ့ ဂိုးသမား ဆွန်းမားတို့ရဲ့ စုဖွဲ့မှုကတော့ ပုံစံကောင်းတခု ရှိနေလိမ့်မယ်။ နေးရှင်းလိဂ်မှာတော့ ပေါ်တူဂီ၊ စပိန်တို့လို အသင်းတွေကို ဆက်တိုက်နိုင်ပွဲယူထားပေမဲ့ ပထမအကျော့တွေတုန်းကတော့ ရှုံးပွဲတွေ့ခဲ့တယ်။ အုပ်စုဒုတိယနေရာအတွက် ဆားဘီးယား၊ ကင်မရွန်းတို့နဲ့ အပြိုင်လုသွားရမှာ ဖြစ်ပါတယ်။
ကင်မရွန်း
၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အုပ်စုအဆင့်ကို တကြိမ်မှ မကျော်လွန်နိုင်ခဲ့တဲ့ ကင်မရွန်းဟာ ဒီနှစ်ပြိုင်ပွဲမှာလည်း အခြေအနေ သိပ်မဟန်နိုင်ပါဘူး။ ဘရာဇီးလိုအသင်းနဲ့ တအုပ်စုတည်း ကျနေသလို ဥရောပရဲ့ ဖျက်မြင်းနှစ်သင်းနဲ့ ဆုံနေလို့ မထင်မှတ်တဲ့ စွမ်းဆောင်ရည်ရမှပဲ ကင်မရွန်းတို့ အခွင့်အရေး ရှိလိမ့်မယ်။ ၈ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လို့ တခြား အာဖရိကအသင်းတွေထက် ဝင်ပြိုင်ခွင့်ရတဲ့ အကြိမ်အရေအတွက် အများဆုံးဖြစ်တယ်။ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ချူပိုမုိတင်း၊ ဘရန့်ဖို့ဒ်တိုက်စစ်မှူး မက်ဘယူမို၊ လီယွန်က အက်ကမ်ဘီတို့လို ကစားသမားတွေရှိပေမဲ့ နောက်တဆင့်တက်ဖို့ အခွင့်အရေး အနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဝဏ္ဏကို