close

Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွင် ကယန်းကျားသစ်မယ် ဘရော်နီကာ ထပ်မံနိုင်ပွဲရ

ထိုင်းနိုင်ငံ၊ ဟွာဟင်မြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက်က ကျင်းပတဲ့ Thai Fight မွေထိုင်းလက် ဝှေ့ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကရင်နီအမျိုးသမီးလက်ဝှေ့မယ် ဘရော်နီကာ  (Vero V.Rujirawong) က  ပြိုင်ဘက် အာဂျီတီးနားနိုင်ငံသူ ဒန်နီရယ်လာလိုပက်ဇ်ကို ၃ ချီမြောက်အထိ ထိုးသတ်ပြီး အနိုင်ရရှိသွားပါတယ်။ 

ပထမတချီထိုးသတ်ချိန်မှာ ဘရော်နီကာရဲ့ ဘယ်ညာတွဲလုံး လက်သီးချက်တွေကြောင့် ဒန်နီရယ်လာလိုပက်ဇ် မျက်နှာမှာ ဒဏ်ရာရရှိပြီး သွေးတွေစီးထွက်ပေမယ့် ၃ ချီမြောက်တိုင်အောင် ပြန်လည်ထိုးသတ်ခဲ့တာပါ။ 

ဘရော်နီကာရဲ့ ဘယ်ညာတွဲလုံး လက်သီးချက်တွေ၊ တံတောင်ရိုက်ချက်၊ ခြေကန်ချက် အသာစီးနဲ့ အကောင်းဆုံး ထိုးသတ်ခဲ့တဲ့အတွက် အနိုင်ရရှိခဲ့ပါတယ်။ 

ဒီလို ထိုးသတ်ခဲ့ရတာနဲ့ပတ်သက်ပြီး ဘရော်နီကာက “မနေ့က ပွဲကတော့ ကျနော့်ပြိုင်ဘက်ကလည်း အစကတည်းက သူ့ပွဲကိုကျနော်ကြည့်တယ်လေ။ သူက ONE Championship မှာလည်း ဝင်ပြိုင်ခဲ့ဖူးတဲ့လူဆိုတော့သူက ကြောက်တတ်တဲ့သူထဲမှာ မပါဘူးဆိုတာ ကျနော်သိတယ်။ ဒါပေမဲ့ ကျနော့်စိတ်ထဲတော့ ကျနော် အကောင်းဆုံးဆီ ရောက်မှာပေါ့နော်။ ကျနော်အကောင်းဆုံးထိုးမယ်၊ နှစ်ချီမြောက်မှာ ကျအောင်ထိုးမယ်လို့ ကိုယ့်ဘာကိုယ်စဉ်းစားထားတယ်။ ဒါပေမဲ့ ကိုယ်ထင်ထားသလိုလည်း မဖြစ်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူကလည်း ကိုယ့်ထက်အတွေ့အကြုံလည်း များတယ်ဆိုတော့လေ။ ပြီးတော့လည်း သူက မာတာလည်း တွေ့နေရတာပေါ့နော်။ တော်တော်များများ ကျနော်ထိုးတာဆိုရင် အဲလောက်ဆိုရင် တချို့လူတွေဆိုရင်ဆင်းတယ်။ သူကကျတော့ တော်တော့်ကိုမာတယ်။ ကျနော်သူ့ကိုလည်း အရမ်းလေးစားတာပေါ့နော်”  လို့ပြောပါတယ်။ 

ဒါ့အပြင် သူက ဆက်ပြီး “အဲမှာ သွေးထွက်တော့  အလယ်ဒိုင်က ပွဲရပ်ပြီးတော့ အဆင်းမခံတာတခုရယ်၊ ပြီးတော့ ဆရာဝန်က ရတယ်၊ ပေးထိုးသေးတာနဲ့တူတယ်၊ ကျနော်လည်း နားမလည်ဘူး။ အစက ကျနော်ပွဲရပ်ပြီးပြီထင်တာ။ အဲဒါ မပြီးသေးတော့ ဒိုင်ရဲ့ အဲလိုမျိုးကျတော့ ကျနော်နည်းနည်းဒေါသ ထွက်မိတာပေါ့နော်။ နောက်ဆုံး တတိယတချီမှာ ဆရာက လိုက်ထိုးခိုင်းတယ်၊ အပြတ်ချလို့ ပြောတယ်။ ဒါပေမဲ့ ကျနော်ရပြီပေါ့နော်။ နှစ်ချီမြောက် ကျနော်မပြတ်ဘူးဆိုရင်တော့ တတိယအချီမှာ ကျနော်မပြတ်ချင်တော့ဘူး။ ပွဲကြည့်ကောင်းအောင်ပဲ ဆက်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ်နဲ့ ကျနော်အကောင်းဆုံး ထိုးလိုက်တယ်”  လို့ ပြောပါတယ်။ 

ပြိုင်ဘက် အာဂျီတီးနားနိုင်ငံသူ ဒန်နီရယ်လာလိုပက်ဇ်ဟာ ၃၈ ကြိမ်ထိုးသတ်ခဲ့ရာ ၂၉ ကြိမ်အနိုင်ရရှိပြီး ၇ ကြိမ်ရှုံးနိမ့်ကာ ၂ ပွဲသရေ ရရှိခဲ့သူပါတယ်။ 

ဘရော်နီကာကတော့ လက်ရှိအချိန်ထိ  ပွဲပေါင်း ၃၀ ကျော် ကစားခဲ့ရာမှာနိုင်ပွဲ ၁၆ ပွဲနိုင်၊ ၂ ပွဲရှုံး၊ သရေ ၁၇ ပွဲ ဖြစ်ပါတယ်။  Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွေမှာတော့ သူဟာ ၇ ပွဲဆက်တိုင် အနိုင်ရထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up