ပီရူးသမ္မတနုတ်ထွက်ရန် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

ပီရူးနိုင်ငံ လီမာမြို့တော်မှာ နိုဝင်ဘာ ၂၀ ရက်က သမ္မတ ပတ်ထရို ကတ်စ်တီလို နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြရင်း လမ်းပေါ်ကိုထွက်လာခဲ့တဲ့ ရာနဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
အနီရောင်နဲ့ အဖြူရောင် ဒေါင်လိုက်အဆင်းကြောင်း အလံတွေနဲ့ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြသူတွေဟာ ပီရူးမြို့တော်ရှိ အတိုက်အခံတွေ ကြီးစိုးတဲ့ ကွန်ဂရက်ဆီကို ချီတက်ခဲ့ကြတာပါ။
ရဲတွေဟာ ဒိုင်းကာတွေ၊ ဦးထုပ်တွေဆောင်းပြီး ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးခွဲကာ လူစုခွဲခဲ့ကြပါတယ်။ ဒဏ်ရာရသူစာရင်းကိုတော့ အစီအရင်ခံတာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အာဏာရလာခဲ့တဲ့ သမ္မတ ပတ်ထရို ကတ်စ်တီလိုဟာ စွဲချက်တင်ခံဖို့ ကြိုးစားမှု နှစ် ကြိမ်ကို ကျော်လွှားနိုင်ခဲ့ပြီး အတိုက်အခံ လွှတ်တော်အမတ်တွေကလည်း ကွန်ဂရက်အတွင်းမှာ လိုအပ်တဲ့ထောက်ခံမဲ မရှိဘူးဆိုတာကို သိထားပေမဲ့ သမ္မတကို စွဲချက်တင်နိုင်မယ့် အမှုအသစ်အတွက် ထောက်ခံမှု ရှာဖွေနေပါတယ်။