ကာတာကမ္ဘာ့ဖလား ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သေဆုံးခဲ့သူများအတွက် ဂျာမနီတွင် ဆန္ဒပြ

ကာတာရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ နိုဝင်ဘာ ၂၀ ရက်က ဂျာမနီနိုင်ငံအတွင်း ဘောလုံးကွင်းတခုမှာ ဖယောင်းတိုင်ပေါင်း ၂၀,၀၀၀ ကို မီးထွန်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဂျာမန်အလုပ်သမားသက်သာချောင်ချိရေးအဖွဲ့အစည်း (AWO) နဲ့ အနုပညာရှင် ဗော်လ်ကာ ယိုဟာနက်စ်ထရိဗ်တို့ စီစဉ်ကျင်းပတဲ့ ဆန္ဒပြပွဲမှဦ ရာနဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေဟာ ကာတာ ကမ္ဘာ့ဖလားဘောလုံးပွဲ စတင်ချိန်နဲ့လည်း တိုက်ဆိုင်နေတဲ့ ဂျာမနီသေမင်းများနေ့မှာ ဖယောင်းတိုင်တွေ ထွန်းညှိခဲ့ကြတာပါ။
ကာတာနိုင်ငံက ကမ္ဘာ့ဖလားဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ သေဆုံးခဲ့တဲ့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားတွေကို သတိရတဲ့ အထိမ်းအမှတ်အဖြစ် အားကစားကွင်းအတွင်း သဲတွေနဲ့ပြည့်နေတဲ့ ဘောလုံးကွင်းပေါင်း ၆,၅၀၀ ကိုလည်း ခင်းကျင်းထားတယ်လို့ AWO က သတင်းထုတ်ပြန်ထားပါတယ်။
အနုပညာရှင်နဲ့ ဆန္ဒပြပွဲစီစဉ်သူ ထရိဗ်က “သေဆုံးသွားသူတွေရဲ့ ကိန်းဂဏန်းအတိအကျမ ရှိပါဘူး။ သေခြင်းတရားနဲ့ ဝမ်းနည်းပူဆွေးခြင်းတို့ အဆုံးသတ်တဲ့ ကျွန်ပြုမှုဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်။ ဒီနေ့စတဲ့ ကစားပွဲတွေကို နာကျင်မှုနဲ့ သေခြင်းတရားနဲ့ ဝယ်ခဲ့တာ။ ဒီကမ္ဘာ့ဖလားဟာ သွေးစွန်းမှုအရှိဆုံး ကမ္ဘာ့ဖလားပါပဲ” လို့ ပြောပါတယ်။
ဟန်းနာမြို့ ရှဒွန်ကတ်ဒန်ရဲတိုက်မှာရှိတဲ့ အားကစားကွင်းထဲမှာ ကျောင်းကျောင်းသားတွေ အပါအဝင် စေတနာ့ဝန်ထမ်း ရာနဲ့ချီ နေ့စဉ် ဆန္ဒပြခဲ့ကြပါတယ်။
ပြိုင်ပွဲအတွက် ကာတာအားကစားကွင်းတွေ တည်ဆောက်နေစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမား ၁၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ AWO က သတင်းထုတ်ပြန်ထားပါတယ်။