ရုပ်ပိုင်း၊ စိတ်ပိုင်း အကောင်းဆုံးရှိနေဟု အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီပြော

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ် ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထူးထူးခြားခြား ပြင်ဆင်တာမျိုးမရှိဘဲ ကိုယ့်ကိုယ်ကို ဂရုစိုက်တာမျိုး လုပ်ပါတယ်။ ကစားသမားဘဝတလျှောက်လုံး လုပ်ခဲ့တဲ့ အလုပ်တွေကိုပဲ လုပ်ပါတယ်လို့ ပြောပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ လီယွန်နယ် မက်ဆီအတွက် ၅ ကြိမ်မြောက် ကစားရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။
“အာဂျင်တီးနားမဟုတ်တဲ့ ပြင်ပကမ္ဘာက လူတွေက ကျနော့်ကြောင့် အာဂျင်တီးနားကို ချန်ပီယံ ဖြစ်စေချင်တာကို သိရတဲ့အတွက် ကျေနပ်စရာကောင်းပါတယ်” လို့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၇ ကြိမ်အထိ ရယူထားတဲ့ မက်ဆီက ပြောပါတယ်။
ဒီနှစ် ကာတာကမ္ဘာ့ဖလားပွဲဟာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စု စီ မှာ ပါဝင်နေပြီး ဒီနေ့ ဆော်ဒီအသင်းနဲ့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြင့်ဆုံးအဖြစ် ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဒုတိယဆု ရဖူးထားပါတယ်။ လက်ရှိ ကာတာကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ အာဂျင်တီးနားလည်း ပါဝင်နေပါတယ်။