close

မင်းပြား၌ စစ်တပ်ဖမ်းဆီးထားသည့် ဆရာတော် ၁ ပါးနှင့် ရွှေဆိုင်ပိုင်ရှင် ၁ ဦးပြန်လွတ်မြောက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ ဆရာတော်တပါးနဲ့ ရွှေဆိုင်ပိုင်ရှင်တယောက် ပြန်လွတ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းပြားမြို့မှာ မနေ့ နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီလောက်က စစ်တပ်ကဖမ်းဆီးထားတဲ့ အောင်​မြေကုန်းရတနာ ဝါရမေသုကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် သက်တော် ၅၀ နှစ်အရွယ် ဥူးဝါရမဥ္ဇူနဲ့ အသက် ၄၉ နှစ်အရွယ် ဝင်းတိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်နုမောင်တို့ ပြန်လည်လွတ်မြောက်လာတာလို့ မင်းပြားမြို့ ဒေသခံတယောက်က ပြောပါတယ်။

အောင်မြေကုန်းဆရာတော်နဲ့ ဦးကျော်နုမောင်တို့ကို မင်းပြားအခြေစိုက် ခမရ ၃၇၉ က ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်လို့ သံသယမှုနဲ့ နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီကျော်လောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁၀ ရက်ကြာစစ်ဆေးကာ ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

လက်ရှိ ကျနော်တို့ မင်းပြားမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။

မင်းပြားမြို့ ဂြမ်းမရွာ၊ ကျီးဖြူရွာနဲ့ ကိုးရီးယားခွဆုံတွေမှာ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သား ၅၀ လောက် ဝင်ရောက်နေရာယူထားလို့ ဒေသခံပြည်သူတွေ အထိတ်တလန့်ဖြစ်ပြီး စျေးဆိုင်တချို့ပိတ်သိမ်းကာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up