close

ကလေးမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အဘွားအို ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဇင်းကလင်းကျေးရွာနဲ့ ကလေးမြို့တွင်းဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ အရွယ် အဘွားအိုတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက ကလေးနည်းပညာတက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဇင်းကလင်းကျေးရွာက အသက် ၇၀ အရွယ် အဘွား ဒေါ်မိကျေးဟာ နေအိမ်မှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့တာလို့‌ ဆိုပါတယ်။

ရွာအနီးအနား ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘာကြောင့်ပစ်ခတ်သလဲ ဆိုတာတော့ မသိရကြောင်း၊ သေဆုံးသွားတဲ့ အဘွား ဒေါ်မိကျေးရဲ့ ဈာပနကို ဒီနေ့ပြုလုပ်မယ်လို့ နီးစပ်တဲ့သူတွေက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီတပ်က မြို့တွင်းအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးမြို့နယ် ဆည်ကြီးကျေးရွာက အစာအိမ်ရောဂါ ခံစားနေရတဲ့ အသက် ၆၆ နှစ်အရွယ် ချင်းအမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။

နိုဝင်ဘာ ၃ ရက် မနက် ၁၁ နာရီဝန်းကျင်ကလည်း ကလေးမြို့ အဖွဲ့စုံ စစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်သားတွေ ကလေးမြို့နယ် တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထောက်ကြန့်ကျေးရွာက ဒေသခံနေအိမ်တလုံးနဲ့ နွားစာတိုက်တလုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

လတ်တလော ကလေးမြို့မှာ စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းနဲ့ မြို့ပြင်ဘက်တွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up