close

ရွှေကျင်အမတ် ဒေါ်လှလှဝင်း၏ နေအိမ်ကို ချိပ်ပိတ်ရန် စစ်ကောင်စီ ဝရမ်းထုတ်

ပဲခူးတိုင်း၊‌ ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းရဲ့ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်မယ်လို့ နိုဝင်ဘာ ၂၄ ရက်မှာ   ဝရမ်းထုတ်ထားတယ်လို့ မြို့နယ် တရားရုံးကနေ သိရပါတယ်။

ဒေါ်လှလှဝင်းကို စစ်ကောင်စီတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲထားပြီး ရုံးချိန်း မလာတာကြောင့် အခုလို ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက “အဲ့ဒီအိမ်နဲ့မြေက ကျမပိုင်တာ မဟုတ်ဘူး။ ကျမအမျိုးသား ပိုင်တာ။ သူတို့က သူတို့ထုတ်ထားတဲ့ ဥပဒေလည်း သူတို့မလေးစားဘူး၊ မလိုက်နာဘူး။ အိမ်ကို ချိပ်ပိတ်ရအောင်က ကျမပိုင်ဆိုင်တဲ့အိမ်မှ မရှိတာ။ သူတို့ လုပ်ချင်သလို လုပ်နေတာ။”လို့ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့အတွက် ဒေါ်လှလှဝင်းကို စစ်ကောင်စီက ပုဒ်မ-၅၀၅(က) ဝရမ်းထုတ်ထားသလို သူ့ရဲ့သားဖြစ်သူကိုပါ ဝရမ်းထုတ်ထားတဲ့အတွက် ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဒေါ်လှလှဝင်းက “ကျမသားလေးကိုလည်း ၅၀၅ ကော၊ အကြမ်းဖက်ဆိုပြီး ဝရမ်းထုတ်ထားတယ်။  နှစ်ယောက်လုံးကို ဖမ်းဖို့လုပ်တာ၊ ကျမတို့ ထွက်ပြေးနေတာ။ အခု ရပ်ကွက်ထဲကလူတွေက လှမ်းပြောလို့ သိရတာ။ အမှုလာရင်မဆိုင်ရင် ကျမတို့နေတဲ့အိမ်ကို ချိပ်ပိတ်မယ်ဆိုပြီး ရပ်ကွက်ရုံးမှာ ဝရမ်းလာကပ်သွားတယ်ဆိုပြီး လှမ်းပြောလို့ သိရတာ။ ကျမကတော့ သူတို့တရားရုံးကိုလည်း သွားဖို့ အစီအစဉ်မရှိသလို သူတို့ဥပဒေကိုလည်း အယုံအကြည်မရှိပါဘူး။ အခုလို အိမ်ကို ချိပ်ပိတ်တာလည်း မမှုပါဘူး။ ဒီကိစ္စလောက်ကို ခါချဉ်ကိုက်တာလောက်တောင် မမှုပါဘူး။ သူတို့ အဲဒီလို လုပ်နေနေ အာဏာရှင်ကို တော်လှန်ဖို့ စိတ်ထားတွေ ပိုပြီး ပြတ်သားလာလေပဲ။ တော်လှန်ရေး စိတ်ထားတွေ ပိုပြီးမြင့်မားလာနေပါတယ်” လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းရဲ့အိမ်ဟာ ရွှေကျင်မြို့၊ ရှမ်းကြီးရပ်ကွက်၊ အိမ်အမှတ် ၈၇၊ ရုံးလမ်းမှာရှိပြီး သူ့ကို ရွှေကျင်မြို့နယ်တရားသူကြီးက ရာဇသတ်ကြီးပုဒ်မ ၁၃၀-က ကျူးလွန်ကြောင်း တိုင်ချက်ရှိတဲ့အတွက် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဒေါ်လှလှဝင်းအပေါ် စွဲဆိုချက်တွေကို ထုချေရှင်းလင်းဖို့ နိုဝင်ဘာ ၂၄ ရက်အတွင်း လာရောက်ဖို့နဲ့ ပျက်ကွက်ပါက ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဝရမ်းကပ် သိမ်းဆည်းမယ်လို့ သမ္မန်စာထုတ်ပြီး ရပ်ကွက်ရုံးမှာ ကပ်ထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up