close

အင်းတော်မြို့နယ်၌ စစ်ကောင်စီတပ်က ရွာသားများကို ရိုက်နှက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဒေသခံပြည်သူ ၈ ယောက်ကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်း  ရိုက်နှက်ဖမ်းဆီးပြီးနောက် မြို့နယ်ရဲစခန်းဆီကို နိုဝင်ဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာ  ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က အင်းတော်မြို့ကနေ စစ်ကြောင်းသုံးကြောင်းခွဲပြီး အင်းတော်-မန္တလေးကားလမ်းပေါ်ရှိ နတ်မဟုတ်ကြီးကျေးရွာကို ဝင်ရောက်လာကာ ရွာပတ်ဝန်းကျင်ကို ပိတ်ဆို့ထားခဲ့ပြီး ကျေးရွာမှာရှိတဲ့ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်  စစ်ဆေးမေးမြန်းခဲ့တယ်လို့ဆိုပါတယ်။

စစ်တပ်က ကျေးရွာမှာ စာသင်ပေးနေတဲ့ ဆရာတွေကို မေးမြန်းစစ်ဆေးခဲ့သလို မသင်္ကာတဲ့ ရွာသား ၁၀ ယောက်လောက်ကို ရိုက်နှက်ခဲ့ကာ ၈ ယောက်ကိုတော့ ဒီနေ့မနက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရတဲ့ ရွာသား ၁၀ ယောက်ဟာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာကနေ မထွက်ခွာခင်  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာထဲက နေအိမ်တစ်လုံးနဲ့ စပါးကျီ တစ်လုံးကိုလည်း  မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေက နတ်မဟုတ်ကြီးကျေးရွာကနေ စစ်ကြောင်း(၃)ကြောင်းခွဲ ထွက်ခွာသွားပြီးနောက် တချို့စစ်ကြောင်းတွေကို ဒီမနက် ၁၁ နာရီလောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပါတယ်။

နတ်မဟုတ်ကြီးကျေးရွာနေပြည်သူတွေကို  စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ဖမ်းဆီးတာတွေ ပြုလုပ်လာတာကြောင့် ကျေးရွာသားတွေ ရွာထဲမနေရဲကြတော့ဘဲ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up