ဆိုမာလီမြို့တော် မိုဂါဒစ်ရှူးတွင် ဟိုတယ်တခု စီးနင်းတိုက်ခိုက်ခံရ

ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူးက အစီးနင်းခံ ဟိုတယ်တခုထဲကနေ နိုဝင်ဘာ ၂၈ ရက်မှာ သေနတ်သံ ကြားခဲ့ရတယ်လို့ အနားမှာနေသူတွေနဲ့ ရဲအရာရှိတဦးက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ဆိုမာလီလွှတ်တော်က စီစဉ်ထားတဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။
သမ္မတအိမ်နားက ဗီလာရို့စ်ဟိုတယ်ကို အယ်လ်ကိုင်းဒါနဲ့ ဆက်နွှယ်တဲ့ အယ်လ်ရှာဘတ် တိုက်ခိုက်သူတွေက နိုဝင်ဘာ ၂၇ ရက်မှာ ဖောက်ခွဲရင်း သေနတ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အစိုးရအရာရှိတချို့ ပြတင်းပေါက်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
ဂါရှန်နဲ့ ဟာရမ်ကဒ်လို့ လူသိများတဲ့ အထူးတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေကို လွှဲပြောင်းရယူခဲ့တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောပါတယ်။
ဝိုင်းရံမှုကြောင့် အသေအပျောက် အရေအတွက်နဲ့ ကယ်ဆယ်နိုင်သူ အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မိုဂါဒစ်ရှူးမြို့တော်က အစိုးရအရာရှိတွေဟာ အစည်းအဝေးတွေအတွက် ဗီလာရို့စ်ဟိုတယ်ကို မကြာခဏ သုံးကြပါတယ်။
လွှတ်တော်နှစ်ရပ်လုံးအတွက် စီစဉ်ထားတဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဆိုမာလီယာ လွှတ်တော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောပါတယ်။
အယ်လ်ရှာဘတ်သူပုန်တွေဟာ အစ္စလာမ်ဥပဒေရဲ့ လွန်ကဲပြင်းထန်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အပေါ် အခြေခံပြီး အစိုးရကို ဖြုတ်ချဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထူထောင်ဖို့ ကြိုးပမ်းနေတာပါ။
အယ်လ်ရှာဘတ်တွေဟာ မိုဂါဒစ်ရှူးနဲ့ တခြားနေရာတွေကို မကြာခဏ တိုက်ခိုက်လေ့ ရှိပါတယ်။ အခုနှစ်မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ ဟတ်ဆန် ရှိတ်ခ် မိုဟာမဒ်ဟာ အယ်လ်ရှာဘတ်အဖွဲ့ကို စစ်ရေးအရ ထိုးစစ်ဆင်ခဲ့ပါတယ်။