ဖိုဒန်ဟာ လက်ကျန်ပွဲစဉ်တွေမှာ အရေးပါသူဖြစ်လာမည်ဟု နည်းပြဆောက်ဂိတ် ချီးကျူး

မန်စီးတီးကွင်းလယ်လူ ဖိုဒန်ဟာ လက်ကျန်ပွဲစဉ်တွေမှာ အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ နည်းပြဆောက်ဂိတ်က ချီးကျူးပါတယ်။
ဖိုဒန်ဟာ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ အမေရိကန်နဲ့ပွဲမှာ ပွဲမကစားခဲ့ရသလို အီရန်နဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း ပွဲချိန် မိနစ် ၇၀ ရောက်မှ လူစားဝင်ကစားခွင့် ရခဲ့တာပါ။
ဖိုဒန်ကို အသုံးမပြုခဲ့တာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေကြချိန်မှာ နည်းပြဆောက်ဂိတ်က ပြန်လည်းရှင်းလင်းခဲ့တာပါ။
“ကျနော်တို့ ဖီးလ်(ဖိုဒန်)ကို ချစ်ကြပါတယ်။ သူက ထိပ်တန်းအဆင့် ကစားသမားဖြစ်တယ်။ ဒီပြိုင်ပွဲမှာ ကျနော်တို့အတွက် ကြီးမားတဲ့အစိတ်အပိုင်းတခုအဖြစ် ဆက်လက် ပါဝင်ပါလိမ့်မယ်။ နေရာစုံမှာလည်း ကစားနိုင်ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ လုပ်နိုင်တယ်။ ဒါက ကျနော်တို့အတွက် အလွန်အရေးပါတဲ့ စွမ်းဆောင်ရည်တွေပါပဲ” လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
ဖီးလ်ဖိုဒန်ဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၇ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။