ဇာပိုရစ်ချ်ဇီယာ နျူးကလီးယားဓာတ်အားပေးစက်ရုံ ရုရှားထိန်းချုပ်မှုအောက် ရှိနေဆဲဟုဆို

ယူကရိန်းနိုင်ငံတောင်ပိုင်းက ဇာပိုရစ်ချ်ဇီယာ နျူးကလီးယား ဓာတ်အားပေးစက်ရုံဟာ ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ဆက်လက်တည်ရှိနေမယ်လို့ ရုရှားသမ္မတနန်းတော်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းကို ကျူးကျော်ပြီး မကြာခင် မတ်လက သိမ်းယူထားတဲ့ ဥရောပရဲ့ အကြီးဆုံး နျူးကလီးယားစက်ရုံကနေ ရုရှားတပ်တွေက ပြန်ဆုတ်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေ ရှိနေတယ်လို့ ယူကရိန်းနိုင်ငံပိုင် နျူစွမ်းအင်ကုမ္ပဏီ အကြီးအကဲက တနင်္ဂနွေနေ့က ပြောပါတယ်။ ရုရှားသမ္မတ နန်းတော်က ကြေညာချက်ကို ပယ်ချခဲ့ပါတယ်။
၁၉၈၆ ခုနှစ်က ချာနိုဘိုင်းမှာ ကမ္ဘာ့အဆိုးရွားဆုံး နျူးကလီးယား မတော်တဆမှုဒဏ်ကို ခံစားခဲ့ရတဲ့ ရုရှားနဲ့ ယူကရိန်းတို့က ဓာတ်ပေါင်းဖို ခြောက်လုံးရှိတဲ့ ဇာပိုရစ်ချ်ဇီယာ စက်ရုံ အဆောက်အအုံကို ပစ်ခတ်တယ်လို့ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
နျူးကလီးယားကပ်ဆိုးရဲ့ အန္တရာယ်ကို နှစ်ဖက်စလုံးက သတိပေးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ၊ ကုလသမဂ္ဂ နျူးကလီးယား စောင့်ကြည့်ရေး အေဂျင်စီက စက်ရုံတဝိုက်မှာ ကာကွယ်ရေးဇုန်တခု ဖန်တီးချင်နေပါတယ်။ ယူကရိန်း ဝန်ထမ်းတွေ အလုပ်လုပ်နေသေးတဲ့ စက်ရုံကနေ ရုရှားတပ်တွေ ထွက်သွားမယ်ဆိုတာ သံသယရှိစရာ မလိုဘူးလို့ ယူကရိန်းသမ္မတအကြံပေး မီခေးလို ပိုဒိုလျက်က ပြောပါတယ်။
ရုရှားဖက်ဒရေးရှင်း နယ်နိမိတ်ဆီကို ကာကွယ်ရေးလိုင်းက စတင်ဆုတ်ခွာနေပြီ၊ ယူကရိန်းဟာ ဒီစက်ရုံကို ပြန်သိမ်းယူမယ်လို့ ပိုဒိုလျက်က ယူကရိန်းရုပ်မြင်သံကြားကို ပြောခဲ့ပါတယ်။
စက်ရုံနဲ့ အနီးဆုံးမြို့ဖြစ်တဲ့ အီနာဟိုဒါမြို့နားမှာ ရုရှားစစ်သည် အယောက် ၃၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့ပြီး ဒီစစ်မြေပြင် သတင်းတွေကို ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းနိုင်ငံရဲ့ ဒန်ညက်စ်၊ လူဟန့်စ်ခ်၊ ခါဆွန်နဲ့ ဇာပိုရစ်ချ်ဇီယာ ဒေသတွေကို စက်တင်ဘာလမှာ သိမ်းယူခဲ့ပြီး ရုရှားစစ်တပ်တွေက တစိတ်တပိုင်း ထိန်းချုပ်ထားပါတယ်။
ယူကရိန်းအစိုးရနဲ့ သူ့ရဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက ဒီလုပ်ရပ်ကို တရားမဝင်ဘူးလို့ ပြောဆို ရှုတ်ချခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသမှာ အခြေချနေထိုင်ရာ နေရာ ၃၀ ကို လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ၂၅၈ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ခုလအစောပိုင်းမှာ ဒနစ်ပရို မြစ်အနောက်ဘက်ကမ်းကနေ ပြန်လည်ဆုတ်ခွာခဲ့ပေမဲ့ တဖက်ကမ်းက နေရာအသစ်တွေကနေ ခါဆွန်မြို့အပါအဝင် မြို့ရွာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ခါဆွန်မြို့ အနောက်မြောက်ဘက်က မိုင်ခိုလိုက်ဗ်မြို့ဆီ ရေဖြန့်ဖြူးတဲ့ စခန်းတခုကို ရုရှားစစ်တပ်က ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းသမ္မတက သူ့ရဲ့ ညစဉ် ရုပ်သံမိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။