close

တရုတ်နှင့် ဆက်ဆံရေးရွှေခေတ် အဆုံးသတ်သွားပြီဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးရွှေခေတ်လို့ ခေါ်ဆိုတဲ့ကာလ အဆုံးသတ်သွားပြီလို့ ဗြိတိသျှဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပြီး ဗြိတိန်ရဲ့ အကျိုးစီးပွားနဲ့ တန်ဖိုးထားမှုတွေအပေါ် ပေကျင်းရဲ့ စနစ်တကျ စိန်ခေါ်ချက်က ပိုပြင်းထန်လာတယ်လို့လည်း ဆိုပါတယ်။

သူ့ရဲ့ ပထမဆုံး နိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းမှာ ဆူးနတ်ခ်က တရုတ်နိုင်ငံအပေါ် ဗြိတိန်ရဲ့ ချဉ်းကပ်မှုဟာ တိုးတက်ပြောင်းလဲဖို့ လိုအပ်ပြီး ပေကျင်းဟာ နိုင်ငံတော်အာဏာရဲ့ အရှိန်အဝါအားလုံးကို အသုံးပြုကာ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို သတိရှိရှိ ယှဉ်ပြိုင်နေတယ်လို့ ပြောသွားပါတယ်။

ဝန်ကြီးချုပ်ဆူးနတ်ခ်က “ကုန်သွယ်မှုက လူမှုရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆီကို အလိုအလျောက် ဦးတည်လာလိမ့်မယ်ဆိုတဲ့ နုံနုံအအ အယူအဆနဲ့အတူ တရုတ်နဲ့ ဆက်ဆံရေးရွှေခေတ်က ပြီးဆုံးသွားပါပြီ။ သူ့ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေက အသံတွေကို နားထောင်ရမယ့်အစား တရုတ်အစိုးရက ဘီဘီစီသတင်းထောက်ကို စော်ကားမှု အပါအဝင် နောက်ထပ် နှိမ်နင်းဖို့ ရွေးချယ်ခဲ့ပါတယ်။ မီဒီယာတွေနဲ့ ကျ‌နော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရှင်းကျန်းမှာ အလွဲသုံးစားမှုတွေနဲ့ ဟောင်ကောင်မှာ လွတ်လပ်မှုကို ပြန်လျှော့ချခြင်း အပါအဝင် ကိစ္စရပ်တွေကို ပိတ်ဆို့ထားမှုမရှိဘဲ မီးမောင်းထိုးပြနိုင်ရပါမယ်” လို့ ပြောသွားတာပါ။

အခုလ ဘာလီမှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးမှာ ဆူးနတ်ခ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား စီစဉ်ထားတဲ့ တွေ့ဆုံမှုက ပျက်သွားခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က လန်ဒန်ဟာ အရေးကြီး အစိုးရအဆောက်အအုံတွေမှာ တရုတ်လုပ် လုံခြုံရေးကင်မရာတွေကို ပိတ်ပင်ပစ်ခဲ့ပါတယ်။

ဆူးနတ်ခ်က သူ့ဦးဆောင်မှုအောက်မှာ ဗြိတိန်ဟာ “ပိုနေမြဲ ကျားနေမြဲ အနေအထား” ကို ရွေးချယ်မှာ မဟုတ်ကြောင်းနဲ့ နိုင်ငံတကာ ပြိုင်ဘက်တွေကိုလည်း ကြီးကြီးကျယ်ကျယ် စကားလုံးတွေနဲ့မဟုတ်ဘဲ ခိုင်မာပြီး လက်တွေ့ကျတဲ့ဝါဒနဲ့ ရင်ဆိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းအရေးမှာ ဝန်ကြီးချုပ်ဟောင်း ဘောရစ္စဂျွန်ဆင်နဲ့ ထရပ်စ်တို့က ကမ်းလှမ်းထားတဲ့ ခိုင်မာတဲ့ ထောက်ခံမှုကို ဆက်ထိန်းထားပြီး လာမယ့်နှစ်မှာ ကိယက်ဗ်အတွက် စစ်ရေးအကူအညီကို ဆက်လက်ထိန်းသိမ်း တိုးမြှင့်သွားမှာဖြစ်ပြီးတော့ လေကြောင်းရန် ကာကွယ်ရေးအတွက် အထောက်အပံ့အသစ်တွေ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ဗြိတိန်ဟာ ရုရှားနဲ့ တရုတ်လို သူ့ရဲ့ရန်ဘက်တွေနဲ့ ပြိုင်ဘက်တွေကို အလားတူ ရေရှည်ချဉ်းကပ်မှုမျိုး လိုအပ်ကြောင်း ဆူးနတ်ခ်က ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up